
အပြောင်းအလဲတွေ အရမ်းမြန်နေတဲ့ ဒီလိုခေတ်မှာ အရေးကြီးဆုံး စကားလုံးလေး တစ်လုံးရှိတယ်။ အဲ့ဒါ Confirmed! မြန်မာလိုဆိုရင်တော့ အတည်ပြုတာပေါ့။ နောက်တစ်နည်း သေချာတယ်ဆိုတဲ့ သဘော။ တာဝန်ယူမှု တာဝန်ခံမှုကိုလည်း ဒီစကားလုံးလေးနဲ့ပဲ သတ်မှတ်လို့ ရတယ်။ နေရာတိုင်းလိုလိုမှာ ပါတယ်။ အလုပ်လုပ်နေတဲ့ သူတွေဆို တော်တော့်ကို ဂရုစိုက်ရတယ်။ Confirm ဖြစ်၏ မဖြစ်၏ စီးပွားရေး လုပ်ငန်းတွေမှာ တော်တော် အရေးကြီးတယ်။
Online ပေါ်က တစ်ခုခု ဝယ်တဲ့အခါ ရောင်းသူဘက်က ကိုယ့်ကို Confirmed လုပ်ခိုင်းတယ်။ သေချာပြီလား အတည်ပြုခိုင်းတာပေါ့။ ငွေကြိုလွှဲရတာမျိုး၊ ကုန်ကျငွေ တစ်ဝက် အရင် ချေရတာမျိုး စသဖြင့် နည်းအမျိုးမျိုးနဲ့ Confirmed လုပ်ခိုင်းတယ်။ ဘာလို့လဲဆိုတော့ ပြဿနာ ဖြစ်လာတဲ့ အခါကျရင် သူတို့အတွက် Confirmed ဆိုတဲ့ အရာက ကာဗာ ပေးသွားလိမ့်မယ်။ ဆုံးရှုံးမှုကိုလည်း ကာကွယ်ပြီးသားပေါ့။ တာဝန်ယူတဲ့ အနေနဲ့ ကိုယ့်ဘက်ကလည်း Confirmed လုပ်ပေးရတယ်။ ဒါမှလည်း တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု ရှိမှာပေါ့။
စီးပွားရေးမှာ Confirmed မလုပ်မိလို့ အလွဲလွဲ အချော်ချော် ဖြစ်ရတာမျိုးက မဖြစ်သင့်ဘူး။ ဆုံးရှုံးနိုင်ချေလည်း ကြီးတယ်။
ဒါကတော့ စီးပွားရေးမှာပေါ့။ လူမှုရေး ကိစ္စရပ်တွေမှာလည်း Confirmed က အရေးကြီးတယ်။
တချို့က Confirmed ဆိုတဲ့ ဒီစကားလုံးလေးကို ဂရုမစိုက်တတ်ကြဘူး၊ တစ်ဖက်က အရိပ်ပြလေးပြတာကို အကောင်ကြီး ကြိုမြင်ပြီး ဇွတ် အလိုက် သိနေတတ်တဲ့ သူတွေလည်း ရှိတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ထင်သလို ဖြစ်မလာခဲ့ရင် ဆုံးရှုံးမှုတွေ ရှိတယ်။ အဲ့ဒီလို အချိန်ကျမှ တစ်ဖက်သူကို လက်ညှိုးထိုးလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစကတည်းက Confrimed! မပေးခဲ့လို့ပဲ။
သူငယ်ချင်းတစ်ယောက်က သူ့ ကောင်မလေး တစ်ယောက်ကို လူငယ်သဘာဝ ပိုးပမ်းတယ်။ အဆင်ပြေနေပြီ၊ တော်တော် အဆင်ပြေနေပြီ သူ့ဆီက အမြဲပြောတာ ကြားရတယ်။ ကောင်မလေးကလည်း အထားလေးတွေ ပြန်ပေး နေမှာပေါ့။ ဒီခေတ် ချာတိတ်မလေး တွေဆိုတာ ကောင်လေး တစ်ယောက်ကို ဂျွန်းပစ်စေလောက်တဲ့ စကားလုံးလေးတွေ ဉီးနှောက်ထဲမှာ အစီအရီ ရှိနေပြီးသား။ အဲ့ထဲကနေ တစ်လုံးချင်းစီ ပစ်နေမှာပေါ့။ ကိုယ့်ကောင်ကလည်း အညှာက လွယ်တော့။ လေထဲ တိုက်ဆောက်၊ နှစ်ယောက် တစ်ဘဝ ပေါင်း သားဉီးလေး ပါ ရပြီး နေသလိုလို ပျော်နေတာ ဒင်းက။
ဒါပေမယ့် အပြောင်းအလဲ အရမ်းမြန်နေတဲ့ ခေတ်ကြီးမှာ ပြိုင်ဘက်ဆိုတာလည်း အချိန်မရွေး ပေါ်လာနိုင်တယ်။ ရုတ်တရက် အထာကျကျကောင် တစ်ယောက် ကြားထဲမှာ ပေါ်လာတယ်။ ကောင်မလေးက အဲ့ဒီတစ်ယောက်ကို ရွေးချယ်သွားတယ်။ ဘယ်ပြောကောင်းမလဲ ကိုယ့်ကောင်ရင်ထဲ မိုးတွေရွာပီလေ။ တရားတယ် မတရားဘူး ဆိုတာတွေကို နောက်ထားရလိမ့်မယ်။ ကောင်မလေးက .. မင်းကို ချစ်တယ်ပြောခဲ့လား ?ဆိုတော့ မပြောခဲ့ဘူးပေါ့။ "ကျမကလည်း ရှင့်ကိုချစ်ပါတယ်" ဆိုတဲ့ စကား confirmed! ပဲ။ အဲ့ဒါကိုမှ မကြားရသေးရင် အရမ်းကြီး မမျှော်လင့်ထားဖို့ လိုတယ်။ ချစ်ပါတယ်လို့ ပြောနေတာတောင် စိတ်မချရတဲ့ ခေတ်မှာ မပြောရသေးတဲ့ အနေအထားဆိုတာ တော်တော့ကို ခိုင်မာမှု မရှိဘူး။
ခေတ်က အရမ်းမြန်နေပြီ။ မနေ့ကနေ ဒီနေ့ မဟုတ်ဘူး နာရီပိုင်း စက္ကန့်ပိုင်းနဲ့တင် အပြောင်းအလဲတွေ ဖြစ်နေတာ။ ဒီလိုကာလမှာ ရှင်သန်ချင်တယ်ဆိုရင် Confirm (အတည်ပြု) ကို ဂရုစိုက်ဖို့ လိုတယ်။ လျှော့မတွက်ပါနဲ့။ Confirmed! ကို ဂရုစိုက်ရင် ပြဿနာ တက်လာရင်တောင် အကာအကွယ် ရပါလိမ့်မယ်။ သူ့ကို အလေးမထားရင်တော့ ကိုယ့်ကို ဆုံးရှုံးစေပါလိမ့်မယ်။ ဒါ့ကြောင့် သေချာနားထောင်ပါ။ မရှင်းတာရှိရင် သေချာမေးပါ။ ပြီးရင် အတည်ပြုခိုင်းပါ။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments