
ကြုံခဲ့သမျှ အတွေ့အကြုံ၊ လုပ်ခဲ့သမျှ အမှားတွေဆိုတာ လူတိုင်းမှာ ရှိတတ်ကြတယ် မဟုတ်လား၊ ငေးကြည့် နေရုံနဲ့လည်း တဖြည်းဖြည်း ဝေးသွား ခဲ့ရတာတွေ ရှိတယ်။ ခြေလှမ်းတွေ အနားထိ ရောက်သွားပြီးမှ တစ်ဖက်က ငြင်းလွှတ်လို့ ရင်ကွဲ ပက်လက် ဖြစ်ခဲ့ရတာတွေ ရှိတယ်။ တွဲလက်တွေ ဖြစ်ပြီးမှလည်း ဖြုတ်ချခံရတာမျိုး ရှိတယ်။ ဒီ အခြေအနေတွေထဲက ဘယ် တစ်ခုကိုမှ မဖြစ်ချင်တဲ့အခါ တွေဝေမှုတွေတော့ ရှိလာစမြဲ …။
ဖွင့်ဟ ဝန်ခံတယ် ဆိုတာ သိပ်တော့ လွယ်တဲ့ အရာ မဟုတ်ဘူး။ အဲ့ဒီထဲမှာ ချစ်တယ် ဆိုတဲ့ စကားလည်း ပါတယ်။ ဒီလို နေ့မျိုး ရောက်လာဖို့ အတွက် အချိန်တွေ အများကြီး လိုအပ်ခဲ့တယ်။ တွေဝေနေခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
နှင်းဆီ တစ်ပွင့်ကို ဝှက်ပြီး ထည့်လာတယ်။ စကားတစ်ခွန်း ကိုတော့ ရင်ဘတ်ထဲမှာ အဆင်သင့်။ အဲ့ဒီနေ့က ကျနော် စောင့်နေခဲ့သလို သူလည်း အရောက်လာ ပေးခဲ့တယ်။ ပြီးတော့ ကော်ဖီ အတူ သောက်ကြတယ်။ စကားတွေလည်း ပြောဖြစ် ခဲ့ကြတယ်။
စဉ်းစား ပေးပါ့မယ်လို့ သူက ပြောတော့ ချက်ချင်း အငြင်းမခံရတာနဲ့တင် ကံကောင်းတယ် မှတ်နေတဲ့ ကိုယ်က စောဒက မတက်ခဲ့ပါဘူး။ ကိုယ်တိုင်လည်း အများကြီး စဉ်းစားခဲ့ပြီးပြီ ဆိုတော့ သူ့ကို အလှည့်ပေးသင့်တာပေါ့။ ရွေးချယ်ဖို့ အတွက်ဆို အချိန်ယူပြီး သေချာ စဉ်းစားပါ။ ငြင်းပယ်ချင်တဲ့ အခါမှာတော့ တွေဝေ မနေပါနဲ့လို့ ပြောပြခဲ့တယ်။
တိတ်တိတ်ကလေး Crush ရတဲ့ ဘဝတုန်းက ဘယ်နေ့ သူ Crush အကြောင်း ရင်လာဖွင့်မလဲ ရင်တမမ စိုးတထိတ်ထိတ် ဖြစ်နေရတာ၊ အခုကျ သိပ်ပြီး လျှို့ဝှက်နေဖို့ မလိုအပ်တော့ဘူး။ မျှော်လင့်ချက် အသစ်တစ်ခု တိုးလာတယ်။ စိတ်ကူးတွေ ယဉ်လို့ ရလာတယ်။ အိပ်မက်တွေ မက်လို့ ရလာတယ်။
ရင်ခုန်ရင် ရင်ခုန်တဲ့ အကြောင်း ၊ လှရင် လှတဲ့အကြောင်း သက်ဆိုင်သူကို ပွင့်ပွင့်လင်းလင်း ပြောပြလို့ရတဲ့ ဘဝကလည်း အဆင်ပြေပါတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments