
လက်တန်းတန်း မပစ်တတ်တဲ့ ကလေးသာသာ ချာတိတ်လေးမို့ ကြွေကျလိမ့်နိုး မျှော်လင့်ရင်း ပျောက် ပျောက် သွားတဲ့ သရက်ပင်ကြီးက သရက်သီးတွေအကြောင်း ပြန်ပြန် တွေးနေမိတယ်။ တွေးလိုက်တိုင်းလည်း နောက်တစ်ကြိမ် ထပ်ဖြစ်မှာ ကြောက်လာတယ်။
ချစ်တဲ့အကြောင်း ဖုံးကွယ် ထားရတာကလည်း လေးပင် လွန်းလှတယ်။ လျှို့ဝှက်ချက်ဆိုတာ မရိုးသားမှုနဲ့ စည်းတစ်ခု ခြားနေတတ်တဲ့ အခါ သတ္တိ ဆိုတာကလည်း နေရာတိုင်းတော့ ရှိဖို့ မလိုဘူး မလား။ ပြောစရာရှိတယ်လို့ စကားချီပြီးမှ တခြား အကြောင်း လွှဲပြောရတဲ့ အချိန်တွေ များလာတဲ့အခါ ကိုယ့်ကိုယ်ကိုလည်း မကျေမနပ် ဖြစ်လာတယ်။ ဒီလို ငေးကြည့်နေရင်းနဲ့ကို နေဝင်သွားရတဲ့ ရက်တွေ တဖြည်းဖြည်း များလာတာပေါ့။
သတိရတဲ့အခါ ကော်ဖီလေးသောက် အလွမ်း ဖြေရတယ်။ စာအုပ်လေးတွေ အပြန်အလှန် လက်ဆောင်ပေးကြတဲ့ အချိန်တုန်းက သူပေးထားတဲ့ စာအုပ်ကလေး (၂) အုပ်ရှိတယ်။ ရှေ့ဆုံး စာမျက်နှာမှာ သူ့လက်မှတ်လေး ပါတယ်။ ရက်စွဲလေး တစ်ခုလည်း ပါနေတော့ အဲ့ဒီနေ့ကို ပြန်ပြန် ရောက်သွားတယ်။
အချိန်ကလည်း တတ်နိုင်ရင် စကားပြောလိမ့်မယ်။ ကြာနေပြီနော်လို့ …၊ သံယောဇဉ်ဆိုတာ တည်ဆောက်ဖို့လည်း ခက်သလို၊ ပျက်စီးဖို့လည်း ခက်တယ်။ သံယောဇဉ် တစ်ခု တည်ဆောက် နေတာပါလို့ ကိုယ့်ကိုယ်ကို အကြောင်းပြချက်ပေး နှစ်သိမ့်ရင်းနဲ့ အချိန်တွေ တဖြည်းဖြည်း ကုန်လာတယ်။ ရှေ့ဆက်ပြီးမှ မလှမ်းရဲရင် ထိုက်တန် ပါတယ် ပြောဖို့လည်း ခက်လာတယ်။ ဂရုစိုက်မှုလေးတွေနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလို့ရတယ် ဆိုပေမယ့် အရာထင်ဖို့က အနည်းဆုံး အသိပေးဖို့ လိုသေးတယ် မဟုတ်လား။
ကိုယ် ဆုံးဖြတ် လိုက်ပါပြီ။ တိတ်ဆိတ်တဲ့ နေ့လည်ခင်းလေးမှာ ကော်ဖီ အတူ သောက်ကြမယ်။ နှင်းဆီလေး တစ်ပွင့်ရယ် စကားလေး တစ်ခွန်းရယ်လည်း ပါမယ်။ ပြီးတော့ ရာသီဉတုကလည်း ကိုယ့်ဘက်မှာ ရှိနေလိမ့်မယ်လို့ မျှော်လင့်တယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments