ချစ်ရပါသော ကောင်မလေး (၄) | Dear Crush (4)

Shallow Focus Photo of Pink Ceramic Roses
ဘဝဟာ ခါးသက်သက်လေး ဖြစ်နေပေမယ့် ကော်ဖီတစ်ခွက်ကို အဖော်ပြုလို့ရနေသေးတာ ကံကောင်းတယ် ပြောရမယ်။ စိတ်ကူး အိပ်မက်တွေကို ဝေးဝေးကနေ ပုံဖော်ကြည့်နေရင်း အနီးဆုံးမှာတော့ ယုံကြည်ရာတွေကို ဆုတ်ကိုင်ထားတယ်။ ကြည်နူးစရာဆိုလို့ ကြံဖန်ပြီး ကြွားစရာက တိတ်တခိုးလေး ချစ်နေရတဲ့ ကောင်မလေး တစ်ယောက်ပဲ ရှိတယ်။

တိတ်တခိုး ဆိုတာကလည်း ပတ်သက်ခွင့်လေး ရှိနေသေးတော့ မဆိုးသေးဘူး။ မနီးကြ သေးပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မဝေးလည်း မဝေးကြသေးဘူး။

သူနဲ့လည်း စကားတွေ ပြောလို့ရသေးတယ်။ သူ့ကို စိတ်ဆိုးအောင် စလို့ ရနေသေးတယ်။ သူ စိတ်ဆိုးတဲ့အခါ ပြန် ချော့လို့လည်း ရနေသေးတယ်။ သူ့ကြောင့် ပျော်ရွှင်ခွင့်၊ ဝမ်းနည်းခွင့်လည်း ရနေသေးတယ်။ သူသိလား … မသိလားတော့ ကိုယ်တကယ် မသိပေမယ့် ကိုယ် သူ့အပေါ် ဂရုတစိုက် ရှိနေတာကိုတော့ သူ သိပါစေလို့ ဆုတောင်းနေမိတယ်။

တွေဝေနေလို့ ဆုံးရှုံးလိုက်ရတဲ့ လူတွေအကြောင်း စဉ်းစားမိပေမယ့် အရဲစွန့်လို့ ဆုံးရှုံးသွားရတဲ့ လူတွေလည်း ရှိတယ်ဆိုတာ ခေါင်းထဲမှာ တွေးနေမိတယ်။ တချို့က ပြည့်စုံနေလို့ သတ္တိရှိကြတာ၊ တချို့ကတော့ နောက်ပြန် လှည့်စရာ မရှိတော့လို့ ရှေ့ဆက်တိုး ကြတာ။

ကိုယ်က ဆုံးရှုံးစရာတွေ အများကြီး ရှိနေတဲ့သူလည်း မဟုတ်ဘူး။ ဆုံးရှုံးစရာ လုံးဝ မရှိတဲ့ သူလည်း မဟုတ်ပြန်ဘူး။ ဟိုမရောက် ဒီမရောက် ဘဝမို့ အဖက်ဖက်က တွေးပြီး ငဲ့ရတယ်။ တွေဝေနေတယ် ဆိုတာကလည်း အနည်းဆုံးတော့ အဖက်ဆယ်လို့ ရချင်သေးတယ်ဆိုတဲ့ စိတ်က ရှိနေသေးတာကိုး။ ဆိုလိုတာက ချစ်သူတွေ မဖြစ်ခဲ့ရင်တောင် သူစိမ်းတွေတော့ ဘယ်တော့မှ ဖြစ်မသွားချင်ဘူး။

ဒီလိုနဲ့ပဲ ခြေလှမ်းတွေက သူ့ဆီရောက်ဖို့ အချိန်တွေ အများကြီး ယူနေဦးမယ် ထင်ပါတယ်လေ …။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments