ချစ်ရပါသော ကောင်မလေး (၃) | Dear Crush (3)

Close-up of Heart Shape
ကိုယ်လည်း လူထဲက လူတစ်ယောက်ပဲ ဆိုတော့ သဝန်တိုမိတဲ့ အခိုက်အတန့် လေးတွေ ရှိတယ်။ ဒါပေမယ့် တစ်ဖက်သတ် ချစ်ရတဲ့သူကို ဘယ်လို သဝန် တိုရမလဲ၊ ထုတ်ပြောလို့လည်းမရ၊ ထုတ်မပြောလို့လည်း မဖြစ်။ ဒီတော့ ညာတာပါတေးနဲ့ အကိုကြီး တစ်ယောက်လို ဆုံးမ ရတာပေါ့။ ဒီလိုနေသင့်တယ်၊ ဒီလို ဖြစ်သင့်တယ်။ ဟုတ်ကဲ့ လို့ ပြန်တုံ့ပြန်လာရင် ကိုယ့်အတွက် အဲ့ဒီနေ့က တော်တော်လေး သာယာတယ်။

မိန်းကလေး တစ်ယောက် ကိုယ့်ကို လက်ခံလာအောင် ဘယ်လိုလုပ်ရမလဲ သေချာ မသိဘူး။ ဒါပေမယ့် သူ့ကို ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာ သိတယ်။ လိုအပ်တဲ့ အချိန်ဆို ရောက်လာပေးမယ်၊ မလိုအပ်သေးတဲ့ အချိန် ဆိုလည်း အဆင်သင့် ရှိနေမယ်။ စိတ်ညစ်နေတယ်ဆိုရင် ရယ်စရာလေးတွေ ပြောပြမယ်၊ အပြုံးလေးတွေ ဖန်တီးပေးမယ်။

စောင့်ဆိုင်းခြင်းကို သင်ယူရတယ်၊ စိတ်ရှည် သည်းခံခြင်းကို သင်ယူရတယ်။ စောင့်ဆိုင်း နေရတာကို ဝါသနာပါတဲ့ လူရယ်လို့ ရှိပါ့မလား။ ကိုယ်လည်း ဝါသနာ မပါဘူးရယ်။ ဒါပေမယ့် နှစ်ယောက် ဆုံဖို့ ချိန်းတဲ့ ရက်မှာ ဆိုရင်တော့ နာရီကို ကြည့်နေရတာနဲ့တင် ရင်ခုန်စရာ အတော် ကောင်းနေတယ်။

ဪ … စောင့်ဆိုင်း ရတာကလည်း ပျော်စရာ ကောင်းတဲ့ အခိုက်အတန့် ရှိပါလား …။ အရမ်းကြီး ပျော်နေပေမယ့် အရမ်းကြီး ပျော်တဲ့အကြောင်းလည်း သေချာပြောပြလို့ မဖြစ်သေးဘူးရယ်။

တစ်ခါတလေ စဉ်းစားမိတယ်။ သူငယ်ချင်း မက၊ ချစ်သူ မကျ အခြေအနေမှာ ဘယ်အချိန်ထိ ရှိနေဦးမလဲပေါ့။ ဒီတစ်ခေါက် ဆုံပြီး ရင်လည်း နောက်တစ်ခါ ထပ်ဆုံဖို့ ဘယ်လောက် ကြာဦးမလဲ မသိဘူး။ အဆုံးသတ်မှာ ဘယ်လိုတွေ ဖြစ်ကြမလဲ … ဆိုတာလည်း တွေးကြည့်လို့ မရဘူး။

ရင်ခုန်စရာကောင်းတဲ့ မသေချာခြင်းတွေအပေါ်မှာ ကိုယ်က အသေအချာကို စိတ်ကူး ယဉ်နေခဲ့တာ ကြာပြီ။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments