
ကော်ဖီဆိုရင် ခါးခါး သောက်တယ်၊ လက်ဖက်ရည်ဆိုရင် ချိုဆိမ့် သောက်တယ်။ ဘဝဟာ တိုတိုလေးမို့ ရူးသွပ်မှုလေးတွေ၊ လွတ်လပ်မှုလေးတွေ၊ ပေါ့ပါးမှုလေးတွေ၊ ကလေးဆန်မှုလေးတွေ အထိုက်အလျောက်တော့ ရှိသင့်တယ် မဟုတ်လား။ ရုပ်တည်ကြီးတော့ ဘယ်တုန်းကမှ မနေချင်ခဲ့ဘူး။ အထူးသဖြင့် မင်းနဲ့ ပတ်သက်ရတဲ့ အချိန်တွေမှာပေါ့။
တစိမ့်စိမ့် ကြည့်ရင်း တရိပ်ရိပ် လှလာ တတ်တဲ့ ကောင်မလေး တစ်ယောက် အကြောင်း ပြောပြမယ်။ ဖော်ဖော် ရွေရွေ ရှိတယ်။ တည်ငြိမ်တယ်။ ကိုယ့်ထက် ပိုရင့်ကျက်တယ် လို့တောင် ထင်ရတယ်။ အဲ့ဒါတွေကပဲ စွဲဆောင်မှု ရှိခဲ့တာလား မသိပေမယ့် တစ်စ တစ်စ နဲ့တော့ ရင်ထဲ ရောက် လာခဲ့တာပဲ။
အခိုက်အတန့် ပျော်ရွှင်မှုတစ်ခုကို စိတ်ကူးယဉ်ပြီး ဖန်တီးလို့ ရတယ်။ မဖြစ်သေးတဲ့ အရာတွေ အများကြီး ရှိတယ်၊ မဖြစ်နိုင်တော့တဲ့ အရာတွေလည်း လောကမှာ ရှိတယ်လို့ ကိုယ်က ယုံကြည်တယ်။ ဒီတော့ စိတ်ကူးယဉ် တယ်ဆိုတာ ကိုယ့်အတွက် စိတ်ထွက်ပေါက် တစ်ခု ဖြစ်လာတယ်။ ချစ်စရာ ကောင်းတဲ့ ကောင်မလေး တစ်ယောက်နဲ့ ပန်းခင်းထဲ လျှောက်နေရတဲ့ အချိန်တွေလည်း အဲ့ဒီ စိတ်ကူးယဉ် ခရီးမှာ ရှိတယ်။ နည်းနည်းတော့ ရူးတယ်။
အမူအရာတွေ၊ အပြောအဆိုတွေက တစ်ဆင့် သိကြပေမယ့် ရှေ့ဆက်ရမယ့် စကားလုံးတွေ ထွက်မလာ ကြသေးတဲ့အချိန်၊ သံယောဇဉ်တစ်ခု တည်ဆောက်နေရတဲ့ ကာလ ဆိုတော့ ကြည်နူးစရာလေးတွေ ရှိတယ်။ ပျော်ရတဲ့ အချိန်တွေ ရှိတယ်၊ အငိုမျက်လုံး၊ အပြုံးမျက်နှာနဲ့ အကယ်ဒမီ ရတဲ့ အချိန်တွေလည်း ရှိတယ်။ ဒီ အခြေအနေကနေ နောက်ပြန် လှည့်မသွားချင်သလို ရှေ့ဆက်ဖို့လည်း မဝံ့မရဲ ဖြစ်တယ်။ တွေဝေ တတ်တာကလည်း လူ့ သဘာဝပဲ ဆိုတာကို အခု ကိုယ် လက်ခံတတ်နေပြီ။
ဘာဖြစ်ချင်တာလဲ မေးရင် စကားတွေ အများကြီး ပြောချင်တယ်၊ မုန့်တွေ အများကြီး စားချင်တယ်၊ နောက်ပြီးတော့ လျှောက်လည်ချင်ပြန်ရော …၊ အပြင်ထွက်ရတာ ဝါသနာမပါတဲ့ ကိုယ်က ဘာလို့များ ရုတ်တရက်ကြီး အိမ်မကပ်ချင် တော့တာလဲ စဉ်းစားရင် တရားခံက မင်းအပြင် တစ်ခြား မရှိဘူး။
တစ်ယောက်တည်း ဖြစ်မနေဖို့အတွက် အများကြီး မလိုဘူးလေ …၊ အပြန်အလှန် နားလည်မှု ရှိတဲ့ နောက်ထပ် တစ်ယောက်ပဲ လိုတယ်။ Morning ဆိုတဲ့ စကားလုံးလေးနဲ့ စ၊ Good Night ဆိုတဲ့ စကားလေးနဲ့ အဆုံးသတ်ရတဲ့ ၂၄ နာရီဟာ တကယ်ကို သာယာပါတယ်။
မဆုံနိုင်သေးတဲ့ အချိန်တွေမှာ ဆုံနိုင်မယ့် ရက်တွေကို ရေတွက်ရတာကလည်း ကြည်နူးဖို့ ကောင်းတယ်။ မရနိုင်တော့တဲ့ အရာနဲ့ မရသေးတဲ့ အရာ နှစ်ခုကြားမှာ ကွာခြားချက်တော့ အများကြီး ရှိတယ်။ မျှော်လင့်ချက် ရှိတဲ့ အလွမ်းတွေက မကျေနပ်စရာတော့ မရှိပါဘူး။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments