
နေဝင်ချိန်ရဲ့ အလှကို ကြည့်ရဖို့အတွက် အိမ်ပြန်ချိန်
နောက်ကျခံတဲ့ ကလေးတစ်ယောက်ကို တန်ရဲ့လား … မေးရင် … သူ ခေါင်းညိတ်မှာပဲ။ အပြုံးလေး
နည်းနည်းရဖို့အတွက် … နောက်မှ များများ ငိုမယ်။
မရွာဖြစ်တော့ဘဲ လေနဲ့အတူ ပါသွားမယ့် မိုးသားတိမ်စိုင်တွေကို
ငေးကြည့်နေတဲ့ လူတစ်ယောက်က ရွာမယ့် မိုးကို တမ်းတနေခဲ့တယ် ဆိုတာ … ဘယ်သူ သိနိုင်မလဲ။
နယ်နိမိတ်မျဉ်း တစ်ခုရဲ့ အဆုံးသတ် မရောင်ခင်
နောက်ဆုံး … မိနစ်၊ နောက်ဆုံး စက္ကန့် အပိုင်းအခြားလေး အထိ ကိုယ်ဟာ ပျော်ချင်တဲ့ သူမျိုး…၊
တစ်နည်းအားဖြင့် ကိုယ်ဟာ .. ပျော်ဖို့ပဲ သိတယ်။ နောက်မှသာ … အလဲလဲ အပြိုပြို …။
ကိုယ်ဘက်က စမှပဲ … တုံ့ပြန်တတ်တဲ့ သူဆီက
ကိုယ်ကလည်း ဘာတွေများ မျှော်လင့်နေလဲ မသိဘူး။ အနည်းဆုံးတော့ သူ့ကို ပျော်စေချင်တယ်၊
ဒါကလည်း မျှော်လင့်ချက် ပဲ ပြောရမလား၊
နှုတ်မဆက်သေးတဲ့ သူရယ်၊ နှုတ်ဆက်သွားတဲ့
သူရယ် … နှစ်မျိုးပဲ ရှိတယ်လို့ ပြောကြပေမယ့် bye လို့ ပြောရမှာ ကိုယ့်အတွက်တော့ ခက်ခဲတယ်။
ဒီလိုနဲ့ပဲ တစ်နေ့ထက် တစ်နေ့ နှုတ်ဆက် ခံရတာ များလာတယ်။ အချိန်တန်ရင် ကိုယ်ဟာ ရှိခဲ့တဲ့
နေရာမှာပဲ ကျန်ရစ်ခဲ့ရဦးမယ် ထင်ပါတယ်။
ညဘက် ကောင်ကင်ကို သူ ကြည့်တဲ့အခါ မထင်မရှား
ကြယ်လေးတစ်လုံး ဖြစ်ချင်မိတယ်။ အဝေးကနေ အလင်းအရောင် တစ်ခု ပေးမယ်။ ပျင်းတဲ့အခါ ကြယ်တွေကို
ကြည့်ရင်း စကားပြော တတ်အောင် သင်ပေးမယ်။ ကိုယ် သေဆုံးတဲ့ အချိန်ရောက်ရင်လည်း သူက လိုရာဆုကို
တောင်းလို့ရဦးမယ် မဟုတ်လား၊
ဒီလောက်ဆို … တော်တော်လေး ကျေနပ်ဖို့ ကောင်းနေပါပြီ။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments