ကြောက်ရွံ့ခြင်းနှင့်လေးစားခြင်း

Close-up Photo of Lion's Head
ပုံပြင်လေး တစ်ပုဒ် ဖတ်ဖူးတယ်။ အရမ်း ရက်စက်ပြီး ပြည်သူတွေအပေါ် ကြင်နာတရား မရှိတဲ့ ဘုရင် တစ်ပါး ရှိတယ်။ သူ့ အချစ်တော် ခွေးလေး သေတော့ ၊ အသုဘ အခမ်းအနားကို ကြီးကြီးကျယ်ကျယ် ကျင်းပခဲ့တယ်။ လူတွေကိုလည်း တက်ရောက်စေခဲ့တယ်။ ဒီလိုနဲ့ လူတွေအများကြီး တက်ရောက်ခဲ့တဲ့ ခွေး နာရေး တစ်ခု ဖြစ်ခဲ့တယ်။

ဒါပေမယ့် သူ သေ တဲ့အခါကျတော့ သူ့ခွေးလေးသေတုန်း ကလောက်တောင် လူတွေ မလာခဲ့ကြပါဘူး။ တိတ်ဆိတ် ခြောက်ကပ်နေတဲ့ နာရေးတစ်ခုပေါ့။ ဒါဟာ အေၾကာက္တရားရဲ႕ အဆံုးသက္ပါ။

ကြောက်ရွံ့ခြင်းဆိုတာက တစ်စုံတရာ ဖိအားကြောင့် အဲ့ဒီ ဖိအား သက်ရောက်နေတဲ့ အချိန်အတွင်းမှာ ကိုယ် စေခိုင်းသမျှကို သူက လိုက်လျော ဆောင်ရွက် ပေးနေတာ ဖြစ်တယ်။ အဲ့ဒီ ဖိအား မရှိတော့တဲ့ အချိန် ဒါမှမဟုတ် အကြောက်တရား ကင်းလွတ်သွားတဲ့ အချိန်ကျရင် အရင်လို သူ့အပေါ် လွှမ်းမိုးနိုင်တော့မှာ မဟုတ်ဘူး။ အခန့်မသင့်ရင် အဲ့ဒီသူက ကိုယ့်ကိုတောင် ပြန်ဒုက္ခပေးလာနိုင်ပါတယ်။

ဘဝဆိုတာက ချားရဟက် သဖွယ် မြင့်ချီ နိမ့်ချီ တစ်လှည့်စီ ဖြစ်ပေါ်နေတတ်တဲ့ သဘာဝ ရှိတယ်။ ဘုန်း တန်ခိုး အာဏာတွေဟာ အမြဲ တည်တံ့နေဖို့တော့ မလွယ်ဘူး။ တစ်ချိန်ချိန်တော့ လုံးဝ ချုပ်ငြိမ်း သွားနိုင်တယ် ဆိုတာကို သတိထား သင့်တယ်။ အဲ့ဒီ အချိန်ကျရင် အရင်က ကိုယ့်အပေါ် ကြောက်ခဲ့တဲ့သူတွေနဲ့ လေးစားခဲ့တဲ့သူတွေ ကြားမှာ အပြုအမူတွေ၊ အပြောအဆိုတွေ၊ ဆက်ဆံပုံတွေ သိသိသာသာ ကွဲပြားသွားလိမ့်မယ်။

ကိုယ့်ရဲ့ ရာထူး၊ ဥစ္စာ၊ အာဏာ တည်မြဲဖို့ အတွက် ရွှေဖော့ရိုးနဲ့ ရိုက်ရမယ့် ပြစ်ဒဏ်လောက်ကို ဝါးရင်တုတ်နဲ့ ရိုက်တတ်တဲ့ သူတွေလည်း ရှိတယ်။ ကိုယ်တိုင်လည်း တာဝန်ယူမှု တာဝန်ခံမှုလည်း မရှိသလို လက်အောက် ငယ်သားတွေအပေါ်လည်း နွေးထွေးမှု၊ နားလည်မှု မရှိ။

ဖြေရှင်းရမယ့် ပြဿာနာတွေ၊ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ အဆင်ပြေရေးထက် မိမိတို့ အတ္တကို ရှေ့တန်းတင် ထားတတ်ကြတယ်။ အဲ့ဒီအခါမှာ လိုအပ်တာထက်ပိုတဲ့ ပြစ်ဒဏ်တွေ ပါလာပြီး၊ လက်အောက်က လူတွေအပေါ် အကြောက်တရားနဲ့ အုပ်ချုပ်သွားတော့တယ်။

အဲ့ဒီသူတွေဟာ အာဏာရှိချိန်မှာတော့ တပည့် အခြွေအရံ ပေါနေတတ်ပေမယ့် အနားယူတဲ့ အချိန်မှာတော့ အရင် ဒူးမထောက်ရုံ တမယ် ခစားခဲ့တဲ့ သူတွေတောင် အနားမှာ ရှိမနေကြတော့ဘူး။

အကြောက်တရားကြောင့် ရလာတဲ့ အခြွေအရံတွေဟာ ခိုင်မြဲမှု မရှိနိုင်ပါဘူး။

လေးစားမှုကြောင့် ရလာတဲ့ အခြွေအရံတွေကတော့ ပျက်စီးသွားဖို့ မလွယ်ကူးဘဲ မဟာတံတိုင်းကြီးသဖွယ် တည်တံ့ခိုင်မြဲစွာ ရှိနေပါလိမ့်မယ်။

အပြန်အလှန် လေးစားမှုနဲ့ ကောင်းမွန်တဲ့ အဖွဲ့အစည်း ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးနိုင်ခဲ့ရင်တော့ အတိုင်းထက် အလွန်ပေါ့။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments