
"သုံးနှစ် သုံးမိုး"
အဲ့ဒီခေတ် အုပ်ထိန်းသူတွေက ရှေးရိုးစွဲတွေ များကြတယ်။ ပိုးပမ်းတဲ့ ကောင်လေးနဲ့ ကောင်မလေး တွေ့ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ အဆက်အသွယ် လုပ်ဖို့ဆိုတာလည်း ခက်တယ်။ စာလေးတွေ အပြန်အလှန် ခိုးဝှက်ပီး ပေးကြရတယ်။ သူ့လက်ထဲ တကယ် ရောက်မှန်း မသိ၊ မရောက်မှန်း မသိ ရင်ခုန်ရသေးတယ်။ အကိုတွေ မောင်တွေနဲ့ နေတဲ့သူမျိုးဆို ဓားဆွဲ၊ တုတ်ဆွဲ၊ ရိုက်ပွဲ …။
ရွာတွေမှာဆို ခက်ခက်ခဲခဲ တွေ့ရတာ မျိုးလည်း ရှိတယ်။ မနက် လင်း ကြက် မတွန်ခင်၊ ကောင်မလေးက ထမင်းအိုး တည်၊ ထမင်းရည်ငှဲ့တဲ့ အချိန်လေးကို ကောင်လေးက နောက်ဖေး လမ်းကြားလေးကနေ ခြင်ကိုက်ခံပြီး စောင့်၊ ချိုးကူသံလေးနဲ့ အချက်ပြ တွေ့ရတယ်။ အဲ့ဒီလို ကာလ လေးတွေ တကယ်ရှိခဲ့တယ်။ ဘာကိုမှ ပွင့်ပွင့် လင်းလင်း လုပ်လို့မရဘူး။ လူကြီးတွေရဲ့ အုပ်ထိန်းမှုက တင်းကြပ် လွန်းတယ်။
တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ ၊ နားလည်ဖို့ဆိုတာ ပတ်သက် ဆက်နွယ်မှု တစ်ခုလိုတယ် မဟုတ်လား။ ဒီတော့ အဲ့ဒီလို အခက်အခဲ တွေကြားမှာ အဲ့ဒီခေတ်က သုံးနှစ် ဆိုတာ မများဘူး။ မိန်းကလေး အတွက်ကလည်း အဲ့ဒီလောက်ကြာမှ ဆုံးဖြတ်ချက်ချဖို့ လုံလောက်တဲ့ အနေအထား ရောက်တာကိုး။
ဟုတ်ပြီ။ ဒီဘက်ခေတ် ..၊ သုံးနှစ် စောင့်ရင် ဘာတွေ ဖြစ်လာမလဲ။ အားလုံးကိုတော့ မရည်ရွယ်ဘူး။ ဒါပေမယ့် ဇာတ်သိမ်း ပျောက်နေတဲ့ ဇာတ်မျောကြီး ဖြစ်သွားဖို့ များတယ်။
ဒါက လူတွေကြောင့် မဟုတ်ဘဲ ခေတ်ရဲ့ ပြောင်းလဲခြင်းကို ခံထား ရတာမို့ပါ။ အရာရာတိုင်းက ဒီခေတ်မှာ မြန်မြန်ဆန်ဆန် အပြောင်းအလဲတွေ ဖြစ်နေကြတယ်။ သုံးနှစ်အတွင်း အပြောင်းအလဲ များစွာ ဖြစ်နိုင်တယ် မဟုတ်လား။
အချိန်ပေး ရတာချင်းလည်း မတူဘူး။
အရင်တုန်က ၃ နှစ် ဆိုတာ တစ်ပတ် နေလို့ တစ်ခါ တွေ့လို့မရ၊ ဆက်သွယ်ရ ခက်ခဲ။
အခုက နေ့တိုင်း မမြင်ချင်တဲ့ အချိန်လည်း ဒီ ချစ်စရာ မျက်နှာလေးကို တွေ့နေရတယ်။ မကြားချင်တဲ့ အချိန်လည်း ဒီချစ်စရာ အသံလေးကို ကြားနေရမှာ။ ကြိုးစားနေတဲ့ ကာလဆိုတော့ သူလက်ခံလာအောင်၊ ယုံကြည်လာအောင် နှစ်ဆ၊ သုံးဆ ပို ကြိုးစားရတာလေ။
ပတ်သက်ဆက်နွယ်မှုက အမြဲရှိနေတဲ့အတွက် လူတစ်ယောက်ကို လက်ခံနိုင်၊ လက်မခံနိုင် အချိန်ခဏ အတွင်းကို အဖြေတစ်ခု ထွက်နေပြီ။
ဒါကို ၃ နှစ်စောင့်ခိုင်းပြီးမှ ပေးမှာလား? အဲ့ဒီအချိန်ထိ Yes! ဆိုတာ သေချာမယ်ဆိုရင်တော့ တစ်မျိုးပေါ့။
ဂရုစိုက်ရတာ မပင်ပန်းပါဘူး။ ၃ နှစ်လောက် ဒီလိုတွေ ဂရုစိုက်ခဲ့ပြီးမှ အငြင်းခံရရင် ဘယ်လိုနေမလဲ? အပြန်အလှန် ပို့ခဲ့သမျှ စာတွေကို ရေနဲ့ ဖျော်သောက်ရုံပဲ ရှိတော့တယ်။
Serious မဖြစ်တဲ့သူတွေလည်း ရှိတယ်။ စောင့်ရုံပဲ စောင့်နေတဲ့ သူတွေပေါ့။ သူတို့ကျ အေးဆေး စောင့်နိုင်တယ်။ အရမ်း Serious ဖြစ်တဲ့ သူတွေအတွက်ကျ သုံးနှစ်လောက် စောင့်ခဲ့ပြီးမှ အငြင်းခံရရင် ဘာတွေဖြစ်လာမလဲ။ တွေးကြည့်လို့တောင် မရဘူး။
ဒီဘက်ခေတ်မှာ သုံးနှစ် စောင့်ချင်လား မေးရင်တော့ အဖြေက .. မစောင့်ချင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီလောက် အကြာကြီး စောင့်ပြီးမှ အငြင်းခံရမှာ ကြောက်တယ်။ ခေတ်အနေအထားကလည်း အပြောင်းအလဲ အရမ်းမြန်နေပြီ။ ငြင်းတာချင်း အတူတူ စောစောစီးစီး အငြင်းခံရတာက ခံစားရ ပိုသက်သာမယ် မဟုတ်လား။ အကောင်းဆုံးအတွက် မျှော်လင့်ထားပေမယ့် အဆိုးဆုံးကို မေ့ထားလို့ မရဘူးလေ။ ဒါပေမယ့် သုံးရက် လောက်အတွင်း ခေါင်းငြိမ့်တာမျိုးလည်း မဖြစ်စေချင်ဘူး။
ခေတ်အနေအထားအရ၊ ကိုက်ညီတဲ့ အချိန်တစ်ခု၊ ကိုယ့်ကို လက်ခံနိုင်၊ မခံနိုင် အဖြေတစ်ခု ထွက်တဲ့ အချိန် ဒီလောက်တော့ စောင့်နိုင်ပါတယ်။
၃ နှစ် ကတော့ မစွန့်စားရဲဘူးရယ် …။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments