
တချို့က ရက်စက်တာနဲ့ ယုတ်မာတာကို ရည်ရွယ်ချက် ရှိရှိလုပ်တာလား၊ မရည်ရွယ်ဘဲ ဖြစ်ခဲ့တာလား ဆိုတာနဲ့ ခွဲခြား တတ်ကြတယ်။ ရည်ရွယ်ပြီး လုပ်ရင် ယုတ်မာတယ်။ မရည်ရွယ်ဘဲ ဖြစ်ခဲ့ရင် ရက်စက်တယ်ပေါ့။
တချို့ကျ ကိုယ်ချစ်တဲ့သူ ဟုတ် မဟုတ်နဲ့ ခွဲတယ်။ ကိုယ်ချစ်တဲ့သူ၊ ကိုယ်ယံုကြည်တဲ့သူ က လုပ်ခဲ့ရင် ရက်စက်တယ် လို့ ပြောတယ်။ ကိုယ် မချစ်တဲ့သူက လုပ်ခဲ့ရင် ယုတ်မာတယ်လို့ ခေါင်းစဉ် တပ်တယ်။
ခင်ဗျားရော ဘယ်လိုခွဲလဲ။
ရက်စက်ဖူးလား ...။
ရည်ရွယ်ပြီးလုပ်ခဲ့တာ မဟုတ်ရင်တောင် မရည်ရွယ်ဘဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ရက်စက်ခံရတဲ့သူ အတွက်တော့ ဘယ်လိုပဲ ဖြစ်ပါစေ သိပ်တော့ မထူးခြားပါဘူး။
တစ်ခါတလေ ဖြစ်တတ်တယ်။ ကျွန်တော်တို့ မေတ္တာ ရှိနေတဲ့သူ ကျွန်တော်တို့ကို ဂရုစိုက်မှုတွေ ပေးနေတယ်။ ဒါဟာ ကျွန်တော်တို့အတွက် မျှော်လင့်ချက် ဆိုတဲ့အရာ ဖြစ်လာစေတယ်။ သူကတော့ ရည်ရွယ်ခဲ့တာ မဟုတ်လောက်ပါဘူး။ ဒီတော့ သူမှာ အပြစ်မရှိ.။
ကျွန်တော်တို့ မျှော်လင့်ချက်က ကျွန်တော့်တို့ကို နာကျင် စေခဲ့တာလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် သူ့ကြောင့်ပဲ မျှော်လင့်ချက်တွေ ဖြစ်ပေါ်ခဲ့တာပါ။ လူတစ်ယောက်ကို မျှော်လင့်ချက်ပေးရတာ သိပ်တော့ မခက်ပါဘူး။ အဲ့ဒီလို ပေးပြီးရင် ရက်စက်ဖို့ဆိုတာ ပိုတောင် လွယ်သွားပြီ။
ရည်ရွယ်သည် ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ၊ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရရင် ခံစားရမယ် ဆိုတာကိုတော့ သိထားရမယ်။ တချို့သော မျှော်လင့်ချက်တွေဟာ ကျွန်တော်တို့ မသိလိုက်ခင်မှာပဲ ပေးလိုက်မိသလို ဖြစ်တတ်တယ်။
မရည်ရွယ်ခဲ့ဘဲ ကျွန်တော်တို့ကြောင့် နာကျင်ခဲ့ရတဲ့ သူ ဘယ်လောက်များခဲ့ပြီလဲ ..၊
မရည်ရွယ်ပါဘူးဆိုပြီး ကျွန်တော့်တို့ကို နာကျင်စေခဲ့တဲ့ သူတွေရော ဘယ်လောက်ရှိနေပြီလဲ။
တစ်ခါတလေ တရားခံဆိုတာ မရှိတတ်ပေမယ့် ခံလိုက်ရတဲ့သူဘက်မှာတော့ နာကျင်စရာတွေတော့ တသီကြီး ရှိနေတတ်တယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments