အဖြေဆိုတာ တကယ်ရှိလား?

သူ့ဖက်က ကြည့်တော့ လက်ဖဝါး၊ ကိုယ့်ဘက်က ကြည့်တော့ လက်ဖမိုး ဒါကို နားလည်တယ်။ နားလည်ပေမယ့် ကျွန်တော်တို့ရဲ့ အတ္တက များသောအားဖြင့် အဖြေတစ်ခုကိုပဲ အသည်းအသန် လိုက်ထုတ် နေတတ်ကြတယ်။ အဖြေဆိုတာ တစ်ခုပဲ ရှိတယ်လို့ ရိုက်သွင်း ခံထားရတာလည်း ပါမယ်။

Monochrome Photography of Person On Dark Room

နိုင်ချင်တာကြောင့်လည်း ပါသလို၊ မရှုံးချင်တာလည်း ဖြစ်မယ်။ တကယ်တော့ အဲ့ဒါကြောင့်ပဲ အဆင်မပြေ ဖြစ်ကုန်တယ်။ အဖြေတစ်ခုပေးဖို့ကျ ဘောလုံးပွဲဆို သရေလို့ ပြောလို့ရပေမယ့် ဘဝမှာ သရေ ဆိုတာ ရှိရဲ့လား? နိုင်ချင်တာနဲ့ မရှုံးချင်တာ မတူဘူး၊

သူက ကိုယ့်ကို အမြဲအနိုင်ယူတယ်။ ကြာလာတော့ ကိုယ့်ရဲ့ ခံနိုင်ရည်ကို ထိပါးလာတယ်။ သူက နိုင်ချင်တာ၊ ကိုယ်က မရှုံးချင်ရုံ ..၊ ဒါကို အတူတူပဲ ဆိုပီး အဖြေထုတ်လို့တော့ မရနိုင်ဘူး။ အဖြေဆိုတာက အခြေအနေ၊ အချိန်အခါ၊ အတွေးအမြင်တွေပေါ် မူတည်ပြီး အမြဲ ပြောင်းလဲနေတယ်။

တစ်ခါတလေ နှစ်ယောက်စလုံး မှားတယ် ပြောလို့ မရတဲ့ အခြေအနေတွေ ရှိတယ်။ အဲ့ဒီအချိန်မှာ နှစ်ယောက်စလုံး မှန်တယ်လို့ ပြောဖို့ မလွယ်တဲ့ အခြေအနေပါ ထပ်ဖြစ်နေတယ်။ ဒီလိုအခြေအနေမျိုးမှာ မှန်တာ မဟုတ်ရင် အမှား၊ မှားတာမဟုတ်ရင် အမှန် ဆိုပြီး ဇွတ်တော့ ယူလို့ မရဘူးဗျ။ နှစ်ဖက်လုံးမမှား၊ နှစ်ဖက်လုံးမမှန်တဲ့ အခြေအနေမျိုးတွေမှာ အဖြေဆိုတာ တိတိပပ ရုပ်လုံး ပေါ်မလာပါဘူး။ အလယ်တည့်တည့်မှာ ဘာမှန်းမသိတဲ့ ကြားခံနယ် တစ်ခု ရှိနေတတ်တယ်။ ဒီကြားခံနယ်တွေကို ကျွန်တော်ကို ခံစားလို့ ရတယ်။ ခံစားတတ်ဖို့တော့ လိုတယ်။

အဖြေတွေဟာ အမြဲတမ်း ကောင်းကျိုးတွေပဲ ပေးနေတာလား၊ သူ့မှာ ဆိုးကျိုးတွေရော ရှိနိုင်သေးလား။ တိမ်မြှုပ် ပျောက်ကွယ်နေတဲ့ အဖြေတွေလည်း ရှိတယ်။ ဒီ လောကကြီးမှာလည်း အဖြေတွေဟာ အမြဲတမ်းတော့ အပြင်ကို ထွက်မလာခဲ့ပါဘူး။ ဒါ့ကြောင့်လည်း "သိတယ်" ဆိုတဲ့ စကားလုံးအပြင် "ယုံကြည်တယ်" ဆိုတဲ့ စကားပါ ရှိနေတာပါ။ သိတယ် ဆိုတဲ့အရာက အဖြေတစ်ခုလို့ ယူဆလို့ ရနိုင်ပေမယ့် ယုံကြည်တာကတော့ အဖြေတစ်ခု မဟုတ်ပါဘူး။

အဖြေဆိုတာ ဖန်တီးစရာ မလိုဘဲ ရှိနေတဲ့ အရာ တစ်ခုလား ..၊ ဒါမှမဟုတ် သူကိုယ်တိုင်ကလည်း ဖန်တီးခံထားတဲ့ အရာ တစ်ခုလား။ အဖြေတွေဟာ အမြဲတမ်းကော ရှိရဲ့လား။ တစ်ခါတလေ အဖြေတွေနောက် လိုက်ရတာ ပင်ပန်းပါတယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments