အချစ်အတွက် ပေးဆပ်နေမှာလား?

Person in Gray Hoodie Holding Beer
တစ်ခါတလေ အချစ်အတွက် ပေးဆပ် နေရပါတယ် မဏ္ဍပ်တိုင်တက်ပြီး ကြေကွဲပြနေတာ၊ ဟိုဘက်ကနေ နင်က ပေးဆပ်ရအောင် ငါက ဘာတွေများ မပြည့်မစုံ ဖြစ်နေလို့လဲ? လို့ အမေးခံရရင် ကြေကွဲစရာ တကယ် ကောင်းတယ်။ ဘယ်သူကမှ မပေးဆပ်ခိုင်းဘဲ အချစ်ဆိုပြီး ဝဋ်ကြွေး ဆပ်နေရသလို ဖြစ်နေရင်တော့ အဆင်မပြေဘူးရယ်။

ပေးဆပ်ခြင်းပဲ ကိုးကွယ်တယ်။ ပိုင်ဆိုင်ချင်စိတ် မရှိဘူး ဆိုပြီးလည်း ပြောကြတယ်။ အဲ့စိတ်နဲ့တော့ ဘယ်တော့မှ ချစ်ခွင့် မပန်သင့်ဘူး။ အချိန် အကြာကြီးတွဲလာပြီးတော့မှ ငါသူ့ကို ချစ်ပေမယ့် သူ့ဘဝအတွက် .. ဘာမှ မဖြည့်ဆည်းပေးနိုင်ဘူး ..၊ ရင်နာနာနဲ့ လမ်းခွဲ ပေးလိုက်တယ်။ အဲ့လောက် အထိ သူ့အတွက် စဉ်းစား ပေးချင်ရင်လည်း အစောကတည်းက ကိုယ့် အခြေအနေ ကိုယ် သိသင့်တယ်။ ဇာတ်လမ်း တစ်ခုကို စခဲ့လို့ အချိန်တွေ ကြာလာမှ ဒီလိုတွေ ထ ဖောက်ရင်တော့ ကိုယ့်ရဲ့ ညံ့ဖျင်းမှုကို သကြား ဖြူးတယ်လို့ပဲ မြင်တယ်။

ပေဆပ်တယ်ဆိုတာ အမြဲတမ်းလည်း တစ်ဖက်သူအတွက် မကောင်းနိုင်ဘူး။ သီပေါမင်း လက်ထက် တောင်သမန်လယ်စား မောင်ဖေငယ် ဟာ ဒိုင်းခင်ခင်ကို ချစ်ပေမယ့် ရှင်ဘုရင် ကြောင့် အသာတကြည် နောက်ဆုတ်ပေးခဲ့တယ်။ ရှင်ဘုရင့် မိဖုရား ဖြစ်တာဟာ သူ့ချစ်သူအတွက် ပိုပြီးတော့ ပြည့်စုံလိမ့်မယ်ပေါ့။ နောက်ဆုံး နန်းတွင်း အရှုပ်တော်ပုံတွေကြားမှာ ဒိုင်းခင်ခင် တစ်ယောက် အသတ်ခံခဲ့ရတယ်။ ဘုရင်နဲ့သာ မညားရင် ဒိုင်းခင်ခင် အသတ်ခံရဖို့ မရှိဘူး။ love can change history ။ အချစ်ဟာ သမိုင်းကို ပြောင်းသွားစေနိုင်တယ်။

တစ်စုံတစ်ယောက်အတွက် ကိုယ်က ပေးဆပ်တိုင်းလည်း ထွက်ပေါ်လာတဲ့ ရလဒ်တွေက အကောင်းတွေချည်း ဖြစ်မလာနိုင်ဘူး။ အချစ်မှာ ပေးဆပ်သူတိုင်း သူရဲကောင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ပေးဆပ်ခြင်းခံရသူတိုင်း အပြစ်တင်ခံရတယ်။ မခံရရင်တောင် အမြဲတမ်းတော့ အဆင်ပြေပြေ ရှိမနေနိုင်ခဲ့ဘူး။

ဒါကို အချစ် မဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး ၊ ငြိမ်းချမ်းတဲ့ အချစ်တစ်ခုကို တည်ဆောက်တာက ပိုပြီးတော့ အဓိပ္ပါယ်ရှိပါတယ်။

ကိုယ် ချစ်ရတဲ့သူအတွက် အကောင်းဆုံး ဖန်တီးပေးတာမျိုး၊ ဂရုစိုက်မှုတွေ ပေးနေတာမျိုး။ ဒါကို အချစ်လို့ ခံယူထားတယ်။ အမှတ်တရလေးတွေ ဖန်တီး၊ ဂရုစိုက်မှုလေးတွေပေးနိုင်ရင် အချစ်ဆိုတာ ငြိမ်းချမ်းပါတယ်။ ဒါဟာ ပေးဆပ်ခြင်း မဟုတ်ဘူး။ နိုင်တယ် ရှုံးတယ် မရှိဘူး။ သာစေ၊ နာစေလည်း မရှိဘူး။ တရားတယ် မတရားဘူး မရှိဘူး။ အပြန်အလှန် ရယူနေတဲ့ အချစ်မျိုး မှာ ပေးဆပ် နေရပါတယ် ဆိုတာမျိုးလည်း မရှိဘူး။

ပေးဆပ်တာကို ပြောတော့ ပိုင်ဆိုင်ဖို့ လိုလား၊ မေးစရာ ဖြစ်လာတယ်။ ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်စိတ်တော့ ရှိသင့်တယ်။ မညီမျှတာ တွေ ရှိရင်လည်း တတ်နိုင်သမျှ ညီလာအောင် ကြိုးစားရမှာပဲ။ သူနဲ့ ညီအောင် လှမ်းရမယ့်အစား ညီသွားအောင် သူ့ကို ဆွဲချလိုက်တာမျိုးတော့ မဖြစ်သင့်ဘူး။ ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားတာဟာ ဖြစ်သင့်တယ်။ သူ့အတွက် စဉ်းစားပြီး ညီမျှခြင်းတွေကို ညှိမယ် ဆိုရင်တော့ ထိုက်တန်ပါတယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments