တပည့် ခဏခံ လိုက်ပါ။ ပြီးရင် တစ်သက်လုံး ဆရာလုပ်လို့ရပြီ။

Man Raising Right Hand

တပည့် ခဏခံ လိုက်ပါ။ ပြီးရင် တစ်သက်လုံး ဆရာလုပ်လို့ရပြီ။ ဆရာ တစ်ယောက် ပြောဖူးတဲ့ စကားလေးပါ။

ဘဝမှာ ဆရာဖြစ်ချင်ရင် တပည့်တော့ ခံဖို့ လိုပါတယ်။ တကယ်လည်း တပည့် ခဏခံပြီး တစ်သက်လုံး ဆရာလုပ်နေတဲ့ သူတွေ ရှိပါတယ်။ အဓိကကတော့ အကျိုးမရှိတဲ့ မာန လေးတွေ မထားဖို့ပေါ့။

တပည့်မခံချင်ဘူး။ ရှက်ကြတယ်။ မသိတာရှိရင် သိတဲ့သူ မေးသင့်တယ်။ တပည့်ခံတယ်ဆိုတာ ကိုယ့်အတွက် ဘာမှ မထိခိုက်နိုင်ပါဘူး။

စီးပွာရေး သမားတွေ ဆို သိသာတယ်။ အကုန် ဆရာ ပတ်ခေါ်နေတာ။ တပည့်ခံရတဲ့ အကျိုးကျေးဇူးကို အသိဆုံး သူတွေ ဖြစ်မယ် ထင်တယ်။

တချို့ Boss တွေပေါ့..။ အပြင်မှာ ဆိုရင်တော့ ဟိတ်ကြီး ဟန်ကြီးတွေ အပြည့်၊ ငွေရေး ကြေးရေး အရောင်းအဝယ်တွေ နဲ့ပတ်သက်လာရင် တကယ့် အလုအယက်ပဲ။ သူတို့ကို အပြင်မှာ မြင်နေကျ မဟုတ်တဲ့ ပုံစံ ကို အဲ့ဒီနေရာတွေမှာ တွေ့ရတတ်တယ်။ ဟိတ်ဟန် တွေ ပျောက်ကုန်တဲ့အပြင် ကလေးဆန်တဲ့ အပြောတွေပါ ထွက်ကုန်တယ်။ ဒါဟာ ငွေရဲ့ ပါဝါလား၊ ဒီနေရာမှာ မာနတွေ ဘေးချိတ်ထားတာ အကျိုးရှိမယ်လို့ ယုံကြည်ထားလို့လား၊ မပြောတတ်တော့ပါ။

မာနထားတဲ့သူ တော်တော်များများ ပြောဖို့ ဝန်လေးတဲ့ ကိစ္စ တစ်ခုရှိတယ်။ အဲ့ဒါ တောင်းပန်တာပဲ။

"မမှားရင် ဘယ်တော့မှ မတောင်းပန်ဘူး"

အယ့်လယ့် .. နားထောင်လို့ အတော် ကောင်းပါတယ်။ တကယ့် လက်တွေ့မှာ မီးကို မီးနဲ့ တုံ့ပြန်သလိုပါပဲ။ တချို့ကျ ပြဿာနာတွေ အရှည် မဖြစ်ချင်တဲ့သူတွေ ရှိတယ်။ ဒီတော့ တောင်းပန်လိုက်တယ်။ အေးဆေး ပြီးသွားတယ်။ ကဲ .. အကျိုးမရှိဘူးလား?။

ပြဿာနာတွေကို အကြီးကြီးတွေ ဖြစ်မလာစေချင်ရင် တောင်းပန်ပါတယ်ဆိုတာကို လွယ်လွယ်ကူကူ ပြောထွက်အောင် လေ့ကျင့် ထားသင့်တယ်။ တောင်းပန်တယ်ဆိုတာ ပဋိပက္ခတွေကို ပြေလည် စေနိုင်တယ်။ တောင်းပန်လိုက်လို့ အသားလည်း ပဲ့မသွားပါဘူး။ အခြေအနေပေးရင် ကျွန်တော်တို့ရဲ့ တာဝန်ယူမှု အဖြစ်တောင် အသိအမှတ် ပြုခံရနိုင်တယ်။

မှားမှားမှန်မှန် တောင်းပန်တတ်တဲ့ သူမျိုးတွေလည်း ရှိတယ်။ ဒါဟာ တော်တော့်ကို အေးဆေး တည်ငြိမ် ရင့်ကျက် လွန်းတယ်လို့ ပြောရမယ်။ အဲ့ဒီ အကျင့်ကြောင့်ပဲ သူတို့ဘဝမှာ ပြဿာနာ အကြီးကြီး ဖြစ်လာနိုင်တဲ့ အရာ တော်တော်များများကို ကာကွယ်နိုင်ခဲ့တယ်။ ဒီတော့ သူတို့အတွက် တောင်းပန်ရတာ အကျိုး ရှိပါတယ်လို့ ပြောပါတယ်။

မာနဆိုတာ နေရာတိုင်းတော့ မကောင်းပါဘူး။ တစ်ခါတလေကျ လူဆိုတာ အံ့သြဖို့ ကောင်းတယ်။ ဘာမှမထိခိုက်နိုင်ဘဲ တချို့မာနတွေက ခေါင် ခိုက် နေတယ်။ ဆရာ့ စကားလေးနဲ့ပဲ .. ပြန်အဆုံးသတ်ပါရစေ။

"တပည့် ခဏခံ လိုက်ပါ။ ပြီးရင် တစ်သက်လုံး ဆရာလုပ်လို့ရပြီ။ "

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments