သတိရတဲ့အခါ

Man's Silhouette Near White Window Blinds

Phone Ringtone သံက တိတ်ဆိတ်နေတဲ့ ဝန်းကျင် အခိုက်အတန့်ကို ဖြိုခွင်းသွားတယ်။ ကော်ဖီတစ်ခွက်နဲ့ အဝေးကို ကြည်နေမိတဲ့ ကျနော် ၊ အနီးက ဖုန်း Screen ပေါ် အမြင်တွေ ပြန်လှည့်လာရတယ်။

“Putu”

မဖျက်ဘဲ ထားဖြစ်ခဲ့တဲ့ Contact လေး၊ မဆက်တာလည်း အတော်ကြာပြီး ဖြစ်သလို၊ ဝင်မလာတာလည်း နှစ်တွေ ချီနေပြီ။ သူ့ မင်္ဂလာဆောင်များလား၊ နောက်ဆုံး ရှိခဲ့တဲ့ ရက်စွဲတစ်ခုမှာ မင်္ဂလာဆောင် ရင် ဖိတ်ဦး ဆိုပြီး ခနဲ့ မိခဲ့သေးတာကိုး …၊ အဲ့ဒီတုန်းကတော့ သူ့အပြုံးကို ကိုယ် ပြန်ရခဲ့တယ်၊ အခုတော့ သူ့အတွက် လက်ဖွဲ့ ရတော့မှာလား။

Answer Buttom လေးကို နှိပ်လိုက်တယ်။ ပြီးတော့ နားစွင့်နေမိတယ်။

“ဟယ်လို … ဇင်ဖြိုး”

မကြားရတာ နှစ်ပေါက်နေပြီ ဖြစ်တဲ့ အသံလှလှလေး တစ်ခု ရုတ်တရက် ပြန်ရောက်လာတော့လည်း စိတ်လှုပ်ရှားမိ၊ သူ ဘာပြောစရာရှိလို့ ပါလိမ့် … စိတ်ထဲက အသိချင်ဆုံး …၊

“အင်း … ပြောပါ ဘာဖြစ်လို့”

သူ ကိုယ့်ကို သတိရလို့များလား၊ ဒါကလည်း ဖြစ်နိုင်ချေတော့ နည်းပါတယ်။ အသည်းကွဲရင်တော့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် စာမေးပွဲ ကျလို့များလား။ စိတ်ညစ်နေတဲ့အခါတိုင်း ရယ်စရာတွေ အမြဲပြောပြရင်း သူ့အတွက် ပျော်ရွှင်စရာတွေ ဖြစ်လာအောင် အပြုံးတွေ ဖန်တီး၊ လိုအပ်တဲ့ အချိန်တိုင်း ရှိနေပေးခဲ့တဲ့ လူတစ်ယောက်ကို သတိရဖို့ အသင့်တော်ဆုံး အချိန်က ...၊

“ငါ့ကို .. ပိုက်ဆံ နည်းနည်းချေးပါလား”

<The End>

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments