ချစ်ခြင်းမေတ္တာမှာ ပညာသားတွေ မပါချင်ဘူး။

Couple
နှစ်ယောက် အတူ လျှောက်မယ့် လမ်းကို ဟန်ပြင်တုန်း ရှိသေးတယ်။ နောက်တစ်ယောက် တွေ့တဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောမယ် ဆိုတော့ မျက်လုံး ပြူးသွားရတယ်။ နောက်တစ်ယောက် တွေ့တာတောင်
ပွင့်ပွင့်လင်းလင်း မပြောတတ်သူတွေ အကြောင်း စဉ်းစားမိတော့လည်း မင်းက တော်သေးတာပဲလို့ ကြံဖန် ဖြေသိမ့်မိတယ်။

လောလောဆယ် မချစ်ဘူး … ဒါပေမယ့် တွဲနိုင်တယ်လို့ ပြောတယ်။ ကိုယ် ကြောင်အန်းအန်း ဖြစ်သွားရတယ်။
ချစ်တယ်ဆိုပြီး တကယ်မချစ်တဲ့ လူတွေအကြောင်း တွေးမိတော့လည်း မင်းက ပိုပြီး ရိုးသားပါလား .။

တချို့က ပြောတယ်၊ မင်းကို ချစ်တဲ့ အတွက် ကိုယ်ဟာ .. အရူးတဲ့။

ယုံကြည်ရာ အမျိုးမျိုး ရှိကြတဲ့ လူ့သဘာဝအရ ရူးသွပ်မှု တစ်ခုစီတော့ ရှိကြမှာပဲ။ ထူးထူးဆန်းဆန်း ရူးသလိုလို အကျင့်တွေရှိတဲ့ မင်းကိုမှ ရူးသွပ် မိတဲ့အခါ ကိုယ်က မင်းထက် ပိုရူးတဲ့ အစားထဲမှာ ရှိနေတယ်။

မင်းက ခေတ်မှီတယ် ပြောရမလား၊ ဘယ်လို ခေါင်းစဉ်တပ်ရမလဲ မသိ..။ ကိုယ်ကတော့ အချစ်ရေးနဲ့ ပတ်သက်ရင် ကွန်ဆာဗေးတစ် ဆန်တယ်။ အရာရာတိုင်းက ကိုယ့်အတွက် အဆန်းကြီးတွေ ဖြစ်ခဲ့ပါတယ်။

ဒါတွေကို လက်ခံနိုင်မှ ရှေ့ဆက်မယ်လို့ မင်းက ပြောတယ်။ မင်းက ကြောက်စရာ ကောင်းလောက်အောင် ရိုးသားတယ် လို့တော့ ပြောချင်တယ်။ မချစ်တတ်ဘူးလား မေးကြည့်တော့ မင်း ဖြေတဲ့ အဖြေကို အခုထိ မှတ်မိသေးတယ်။ ချစ်တတ်နေတာလေ မမြင်ဖူးဘူး ထင်တယ်တဲ့။

ကိုယ် အတွေး တစ်ခု ပေါက်သွားတယ်။ ဟုတ်တယ် … မင်းရဲ့ စကားအရဆို ကိုယ်ဟာ ဘဝ တစ်လျှောက်လုံး ချစ်တတ်တာကို မမြင်ဖူးခဲ့ဘူး။ အရာရာကို ရင်ဘတ်ကြီးနဲ့ ခံစားလွန်းခဲ့ပြီး မချစ်တတ်တဲ့ လူတစ်ယောက် ဖြစ်နေခဲ့တာ …။ မင်းက ဆရာမကြီးဆိုရင် ကိုယ်က လူ မဖြစ်လောက်သေးဘူး။ အဲ့ဒီလောက်ကို ကွာတယ်။

ဒါပေမယ့် ကျေနပ်ပါတယ်လေ။ ရူးလှချည်လား ပြောပြော ကိုယ်ကလည်း ချစ်ခြင်းမေတ္တာမှာ ပညာသားတွေ မပါချင်ဘူးရယ်။ ပျော်ရွှင်စရာပဲ ရှိရှိ ဝမ်းနည်းစရာပဲရှိရှိ အနည်းဆုံး လိပ်ပြာတော့ လုံချင်တယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments