ငါဟာ ကြွက်ဖြူလေး တစ်ကောင် ဖြစ်ခဲ့ရတာ ကြာပြီ။

White Mouse Hiding on Red Textile
နားလည်မှုပေးနိုင်မလား … သိချင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့
တစ်ခြားတစ်ယောက်နဲ့ ပိုပိုပြီး ရင်းနှီးပြတယ်။
သဝန်တိုတတ်ပေမယ့်လည်း အဆုံးစွန် သည်းခံရတာပေါ့၊
ဒီလိုနဲ့ ငါဟာ ကြွက်ဖြူလေး တစ်ကောင် ဖြစ်ခဲ့ရတာ ကြာပြီ။

ဘယ်လောက်ထိ ဂရုစိုက်မလဲ သိချင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့
ဂရုမစိုက်ဘဲ နေတယ်၊ အဖက်မလုပ်သလို နေတယ်။
တစ်ဖက်သတ်ဆန်တဲ့ ဂရုစိုက်မှုတွေ အလိုက်တသိ ပေးရတယ်။
ဒီလိုနဲ့ ငါဟာ ကြွက်ဖြူလေး တစ်ကောင် ဖြစ်ခဲ့ရတာ ကြာပြီ။

ဘယ်လောက်ထိ ချစ်လဲ သိချင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့
ရုတ်တရက်ကြီး လမ်းခွဲစကားထပြောတယ်။
ရင်ဘတ်ကြီးတစ်ခုလုံး ပွင့်ထွက်သွားသလို ဖြစ်နေတဲ့အချိန်
မင်းက ပျော်နေခဲ့ပြီး၊ ကမ္ဘာပျက်သလို ဖြစ်ပြီးတဲ့အခါမှ
မင်းက ပြန် ချော့တယ်။
ဒီလိုနဲ့ ငါဟာ ကြွက်ဖြူလေး တစ်ကောင် ဖြစ်ခဲ့ရတာ ကြာပြီ။

သိချင်စိတ်တစ်ခုတည်းနဲ့ ဒဏ်ရာတွေ ပေးတဲ့အခါ
နာကျင်စရာတွေ တစ်ခုပြီး တစ်ခု … ဖြစ်လာတယ်။

မတော်တဆဆိုတာကိုတောင် ဖန်တီးတတ်တဲ့ မင်းက
ဒဏ်ရာတွေပေးဖို့ မရည်ရွယ်ဘူးလို့ … ငါ့ကို ပြောတယ်။
မရည်ရွယ်တဲ့ ဒဏ်ရာတွေကလည်း နာကျင်စေတဲ့အကြောင်း
မင်းကို ပြောပြချင်လိုက်တာ …၊

ဒါပေမယ့် ငါကလည်း ဘယ်နေ့ အသက်ထွက်မလဲ မသိရဘဲ
စမ်းသပ်မှုတွေ တစ်ခုပြီး တစ်ခု လုပ်တာ ခံနေရတဲ့
ကြွက်ဖြူလေး တစ်ကောင်ပဲလေ …၊

မတရားဘူးလို့လည်း ဘယ်တုန်းကမှ မပြောတတ်ခဲ့ဘူး။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments