ပိတောက်တွေဟာ ဘယ်တုန်းကမှ သင်္ကြန်ကို မချစ်ခဲ့ဘူး

Image result for ပိတောက်ပန်း
သင်္ကြန်နဲ့ ပိတောက်ကိုလည်း တွဲပြီး မမြင်တော့တာ ကြာပြီ။ အဖြစ်အပျက်တွေ အစ ၊ ရေခွက်ကလေးနဲ့ ရေပတ်တဲ့ ကလေးဘဝကပေါ့။

သင်္ကြန်ရောက်တိုင်း ပိတောက်ပန်းတွေကို မြင်နေရတော့ ပိတောက်ဟာ သင်္ကြန်ကို ချစ်တယ်၊ သင်္ကြန်ကြောင့် ပိတောက်ပန်းတွေ ပွင့်တယ်၊ ပိတောက်ဟာ သင်္ကြန်အပေါ် သစ္စာကြီးတယ်။ ပိတောက်ဟာ သင်္ကြန်အတွက် အချိန်မှန်မှန် ရောက်လာတယ်။ ကလေး တစ်ယောက် အတွေးထဲ ဒီလိုပဲ မှတ်ထားခဲ့တယ်။

မှတ်မှတ်ရရ နှစ်တစ်နှစ်ပဲ၊ အဲ့ဒီနှစ် သင်္ကြန်မှာ ပိတောက်ပန်းတွေကို ရှာလို့ မတွေ့ခဲ့ဘူး။ သင်္ကြန်ရောက်ရင် ပိတောက်ပန်းတွေ ပွင့်မယ်လို့ ကလေးတစ်ယောက် အနေနဲ့ မှတ်ထားခဲ့တာ။ သင်္ကြန်သာ ပြီးသွားတယ် အဲ့ဒီနှစ်က ပိတောက်ပန်းတွေ တစ်ပွင့်မှ မပွင့်ခဲ့ဘူး။

လူကြီးတွေကို မေးကြည့်တော့ မိုးမှ မရွာတာ …၊ ဘယ်ပွင့်မလဲတဲ့။ ဟုတ်ပါတယ် .. အဲ့ဒီနှစ်က သင်္ကြန်ပြီးလို့ ရက်အတော်ကြာမှ ရွာတဲ့ မိုးကြောင့် ပိတောက်ပန်းတွေ ပွင့်ခဲ့တယ်။

ပိတောက်ဟာ သင်္ကြန်ကြောင့် ပွင့်တယ်လို့ တစ်ဘဝလုံး ယုံကြည်လာခဲ့မိတယ်။ တကယ်တော့ ပိတောက်ဟာ မိုးကြောင့် ပွင့်တာ …၊ မိုးကြောင့်ပွင့်တဲ့ ပိတောက်တွေဟာ ဘယ်တုန်းကမှ သင်္ကြန်ကို မချစ်ခဲ့ဘူး။ မိုးကိုပဲ ချစ်ခဲ့တာလို့ ပြောရင် ကိုယ်လွန်မလား၊

သင်္ကြန် မတိုင်ခင် ရွာတဲ့ မိုးနဲ့လည်း ပိတောက်က ပွင့်တတ်တယ်။ သင်္ကြန်ပြီးမှ ရွာတဲ့မိုးနဲ့လည်း ပိတောက်က ပွင့်တတ်တယ်။ မိုးမရွာတဲ့ သင်္ကြန်ကို ရောက်ရင် ရေထိမှ ပွင့်တတ်တဲ့ ပန်းတွေအကြောင်း သိလိမ့်မယ်။ ဒါပေမယ့်လည်း သင်္ကြန်ဟာ ပိတောက်အတွက် အခုထိ အမည်ခံ ပေးနေရတုန်းပဲ။

သင်္ကြန်အတွက် ပန်းက အဲ့ဒီလောက် ရှားလို့လား .. ဆိုတော့ ငုဝါပန်းတွေကို သွားတွေ့တယ်။ တကယ်ကျတော့ ငုဝါပန်းတွေက သင်္ကြန်အပေါ် တော်တော်လေး သစ္စာရှိတယ်။ မိုးရွာရွာ မရွာရွာ သင်္ကြန် ရောက်ရင် ပွင့်လာတတ်တဲ့ ငုဝါပန်းတွေ အကြောင်း တွေးကြည့်ဖူးလား။

ငုဝါပန်းတွေဟာ သင်္ကြန်ရောက်ပြီဆိုတာနဲ့ အချိန်မှန်မှန် ပွင့်ကြပေမယ့် ပိတောက်ပန်းတွေ နောက်ကို အမြဲ ရောက်နေခဲ့ရတယ်။ သင်္ကြန်မှာ ပိတောက်တွေ ရှိရင် သူ့ကို ဘယ်သူမှ အရေးမလုပ်ကြဘူး။ ရင်နာဖို့ ကောင်းတာတော့ အမှန်။ ပိတောက် မပွင့်တဲ့ သင်္ကြန်ဆိုရင် မရှိသုံး အသုံးတော် ခံရသေးတယ်။ ဒါလည်း အမှတ်မရှိဘူးနော် နောက်နှစ်ကျ ပွင့်နေတာပဲ။ အင်းပေါ့လေ .. သူက ဘာမှမမျှော်လင့်ဘဲ နေတာကိုး။

ပိတောက်ပန်းတွေက မျှော်လင့်ချက် မိုးရေစက်တွေ ရှိမှ သင်္ကြန်အတွက် ပွင့်ပေးတယ်။ ငုဝါပန်းတွေကတော့ ဘာမှကို မမျှော်လင့်ဘဲ သင်္ကြန်အတွက် ပွင့်ပေးနေရှာတယ်။

အဖြူရောင်က ထင်သလောက် မပေါ်လွင်တဲ့ အချိန်မှာ တခြား ကာလာတွေက ထင်ထင်ရှားရှား ဖြစ်နေတယ်။ ပိတောက်နဲ့ ငုဝါကို ပန်းလေးတွေ အဖြစ်ကနေ လူတွေအဖြစ် ပြောင်း မြင်ကြည့်လိုက်ရင် မျက်နှာတွေ ပေါ်လာ လိမ့်မယ်။ ဘယ်ပန်းက ဘယ်သူနဲ့ တူပြီး ဘယ်ပန်းက ဘယ်သူနဲ့ တူတယ်ဆိုတာ …။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments