
သားရည် ဖိနပ်တွေကို ဘီးအဝိုင်း ပုံစံ ဖြတ်၊ ဝန်ရိုးတပ် တွန်းလှည်းကား လေးတွေ လုပ်ပြီး တွန်းနေကြတဲ့ ကလေးတွေလည်း ရှိနေမယ်။ (မြို့ပေါ်မှာက သီတင်းကျွတ်မှ ဆော့ကြတာ … ရွာတွေမှာ အဲ့လိုကားက ဆယ့်နှစ် ရာသီလုံး ဆော့ကြတယ်)။ နောက်ဆုံး တစ်ခေါက် ရွာရောက်တော့ အဲ့ဒီလို ကလေးတွေကို မတွေ့မိတော့ဘူး။
လှည်းတွေ ဖြတ်သွားရင် ကလေးတွေက လှည်းနောက် ပြေးလိုက်ပြီး ခိုစီးကြမယ်။ အဲ့ဒါ အန္တရာယ် များတယ်။ အခုတော့ ရွာထဲမှာ ကလေးတွေ ကိုယ်တိုင် ဆိုင်ကယ် တဝီဝီနဲ့ ဖြစ်နေကြပြီ။
အရင်က လှည်းဘီးရာ ထင်ထင် ရှားရှား ဖြစ်ခဲ့တဲ့ ရွာလမ်းလေးလည်း အခုတော့ တော်တော်လေး ကောင်းနေပြီ။ တီဗီတောင် နပ်မမှန်ခဲ့တဲ့ ရွာလေးက အခုတော့ မိုဘိုင်းဖုန်း ကိုယ်စီနဲ့ ကလေးတွ အပြင်သိပ် မထွက်ကြတော့ဘူး။ အပျိုလေးတွေ ရေခပ်ဆင်း ကျနော် နေထက်လင်း အကွက်တွေလည်း မရှိတော့ဘူး။ တောသူတွေလည်း ခပ်ဟော့ဟော့ ဝတ်စား တတ်လာပြီ၊ မြို့သူတွေနဲ့ သိပ်မကွာတော့ဘူး။
အရင်ကဆို ရွာကို ဖုန်းဆက်ရင် အိတ်ချိန်းရုံးကို အရင်ဆက်ရပြီး အဲ့ကနေ တစ်ဆင့်ပြန်လွှဲ၊ အခုတော့ ရွာက ဂွက်ထော်မနဲ့ Video Call တောင် ပြောလို့ရနေပြီ။ နည်းပညာတွေကို သူတို့လည်း အသုံးချတတ်နေပြီ။ Mobile Banking တွေ ဘာတွေလည်း သုံးတတ် နေကြပြီ။ တယ် ဟုတ်ပါလား … ပေါ့။
ရွာမှာ အရင်ကထက် ပိုပြီး တိုက်တွေ၊ ကားတွေ ရှိလာတယ်။ ဒီလိုပြောလို့ တောင်သူဦးကြီးများ အဆင်ပြေ နေကြပြီလို့ မတွေးနဲ့ဦး။ နှစ်တိုင်း လိုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရလို့ တော်တော် များများ ယိုဒယား ရောက်တဲ့သူနဲ့ မြဝတီဘက် ရောက်တဲ့သူနဲ့ ….။ အဖိုး လက်ထက် လယ်ထဲဆင်း၊ အဖေ လက်ထက် လယ်ထဲဆင်း ဘာမှ ဖြစ်မလာခဲ့လို့ မြေးတွေ အလှည့်ကျ ဒီထက်ပိုပြီး အဆင်ပြေတဲ့ အလုပ်တွေကိုပဲ ရွေးချယ်တော့တယ်။ စပါးစိုက် တောင်သူ နည်းလာရင် နိုင်ငံ အတွက် မကောင်းတာတော့ အမှန်ပဲ၊ ဒါပေမယ့် မတတ်နိုင်ဘူးလေ သူတို့မှာလည်း ဘဝ အဆင်ပြေရေး ၊ မိသာစု စားဝတ်နေရေးတွေ ရှိသေးတာကိုး။
ချောင်းကမ်းနားဖူး ရွာ လေး ဖြစ်တော့လည်း ရွာချောင်းက မပါမဖြစ် …။ စစ်တောင်းမြစ်နဲ့ ဆက်နေတဲ့ ချောင်းလေးပေါ့။ စက်လှေတွေလည်း အရင်လို မသွားကြတော့ဘူး။ မြို့ကို သွားဖို့ ကုန်းလမ်း ခရီး ကောင်းလာတာရယ်၊ ဆိုင်ကယ်တွေ များလာတာရယ်ကြောင့် ရေလမ်းခရီးကို စိတ်မဝင်စား ကြတော့ဘူး။ ရွာသားဆိုတဲ့ အမျိုးက လမ်းရှိရင် ဘယ်လောက် ဝေးဝေး ဆိုင်ကယ်အစုတ်နဲ့တောင် ရောက်အောင် သွားတတ်တယ်လေ။
ဟိုဘက်ကမ်းကို ကူးတော့ ငယ်ငယ်က နေခဲ့တဲ့ နေရာလေးကို ရောက်တယ်။ အရင်လို ကုက္ကိုပင်ကြီး တွေတော့ ရှိသေးတယ်။ ပြီးတော့ လယ်ကွင်းတွေက မျက်စိ တဆုံးပဲ။ အဲ့ဒီကနေ ပဲခူးရိုးမ တောင်တန်းတွေကို ရေးရေးလေး မြင်နေရတယ်။ တောင်တန်းတွေကို ကြည့်နေတဲ့အချိန် မျက်နှာပေါ်ကို လေအေးလေးတွေ လာတိုးဝှေ့နေတယ်။ အဲ့ဒီ အရသာကတော့ အရင်အတိုင်းပဲ မပြောင်းလဲသေးဘူး ပြောရမယ်။
ညနေ နေဝင်ခါနီး၊ ပတ်ဝန်းကျင် တစ်ခုလုံး အနီရောင် သန်းနေတဲ့အချိန်ဆို လယ်သူမလေးတွေ အများကြီး ရေးဆင်းချိုးကြတဲ့ ချောင်းကမ်းနဖူး နေရာလေးမှာ အခုတော့ နွားလောက်ပဲ ရေဆင်းချိုး ကြတော့တယ်။ သွားချောင်းတာ မဟုတ်ဘူးနော်။ ချောင်းရေချိုးပြီး ကြီးလာတဲ့ ကိုယ်တွေထက် နောက်မျိုးဆက်တွေ ကံကောင်းတယ် ပြောရမယ်။
ဒီတစ်ခေါက် ရွာအလည်ခရီးက လွမ်းစရာ တွေလည်း ဖြစ်ခဲ့တယ်။ မောစရာ တွေလည်း သိခဲ့တယ်။ အရင်တုန်းက အလှတရားတွေကို ရေးတာကလည်း အဲ့ဒီခေတ်ကို ပြန်ရောက် ချင်တာတော့ မဟုတ်ဘူး။ ရှိခဲ့ဖူးတဲ့ အတိတ် ပုံရိပ်တွေကို သတိရလို့…။
တိုးတက်လာတဲ့ အခြေအနေတွေကိုတော့ ဝမ်းသာစွာ လက်ခံကြိုဆိုရမှာပဲ မဟုတ်လား။ ဒါမှလည်း ဒီဒေသက အထာကျကျ ဖြစ်လာမှာပေါ့။ အပြောင်းအလဲများစွာနဲ့ ရွာလေးက အခုထိတော့ နိုင်ငံတော် ဓာတ်အားစနစ်ကနေ လျှပ်စစ်မီး မရသေးရှာဘူး။ ဒါပေမယ့် မကြာတော့တဲ့ ကာလမှာ ရတော့မယ်လို့ သိရတယ်။ အဲ့ဒီအခါကျရင်လည်း ဘယ်လိုတွေတောင် ထပ်ပြီး အပြောင်းအလဲတွေ ဖြစ်လာလိမ့်ဦးမလဲ မျှော်ကြည့်ရင်း တွေးနယ်ချဲ့ နေမိတော့တယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments