ချစ်ခြင်းမေတ္တာမှာ အနိမ့်အမြင့်တွေ မရှိပေမယ့်

White and Pink Floral Freestanding Letter Decor
ချစ်ခြင်းမေတ္တာမှာ အနိမ့်အမြင့်တွေ မရှိပေမယ့်
သူ့ဘက် ကိုယ့်ဘက် ဆိုတဲ့ အခြေအနေတွေတော့ ရှိတယ်။
မညီမျှခြင်းတွေနဲ့ ပြည့်နေတဲ့ ဘဝမျိုး
ဘယ်သူကများ စိတ်ကူးယဉ်ချင်မှာလဲ။

ချစ်ခြင်းမေတ္တာမှာ အတ္တတွေ မရှိပေမယ့်
မျှော်လင့်ချက် ပါးပါးလေးတော့ ရှိတယ်မဟုတ်လား။
မျှော်လင့်ချက် လုံးဝ မရှိတဲ့ သူကို သေချာနားထောင်ဆိုပြီး
ချစ်တဲ့အကြောင်းတွေ ဘယ်သူကပြောနေမှာလဲ။
တိတ်တိတ်လေးပဲ ထားလိုက်တော့မှာပေါ့။

ငါကလည်း လူတစ်မျိုး။
ပျော်စရာရှိတဲ့အချိန်ဆို မင်းနဲ့ အတူ ပျော်လိုက်ချင်တယ်။
စွန့်စားရမယ့် အချိန်ရောက်ရင်တော့
ငါ တစ်ယောက်တည်းပဲ ဖြစ်ချင်တယ်။

မင်းအတွက် အခက်အခဲတွေ ရှိလာတဲ့အခါ
ချစ်တဲ့သူကို အဆင်ပြေစေချင်တဲ့ လူတစ်ယောက်က
အနားမှာ မင်း ရှိနေတယ် ဆိုတဲ့ စိတ်နဲ့ ပျော်နေရမှာလား။
မင်း သတ္တိရှိစရာ မလိုပါဘူး။ ငါပဲ ကြိုးစားမယ်။
မတရားဘူးလို့ … ပြောချင်နေပီလား ..။

ချစ်ခြင်းမေတ္တာမှာ အကွာအဝေးတွေ မရှိပေမယ့်
တကယ် ဝေးနေရင်တော့ ရူးလောက်အောင် လွမ်းရလိမ့်မယ်။
ခေါ်မကြား အော်မကြား အရပ်ဒေသကို
ဘယ်သူကများ ရောက်ချင်မှာလဲ။

ချစ်ခြင်းမေတ္တာမှာ အကြောင်းပြချက်တွေ မရှိပေမယ့်
သံယောဇဉ်ဆိုတာက မတော်တဆ ဖြစ်လာတာ မဟုတ်ဘူးလေ။
အကြောင်းပြချက်တွေနဲ့ အဆုံးသတ်ရတဲ့ ဘဝမျိုးတော့ မရောက်ချင်ဘူး။

မင်းက ငါ့ကို ချစ်သလို ..၊ ငါကလည်း မင်းကို ချစ်တယ်လေ။
ဘယ်သူ ပိုချစ်လဲ ငြင်းနေဦးမှာလား?

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments