တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ရင်း

Two Women Sitting on Chairs in Front of Each Other
တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ရင်း
နေ့လယ်ခင်းလေးကလည်း လှပခဲ့ဖူးတယ်။
ပန်းလေးတွေရှေ့ ရောက်တဲ့အခါ အိုက်တင်ထုတ်..၊
ဓာတ်ပုံကလေးတွေလည်း ရိုက်ပေးခဲ့ဖူးတယ်။
ထီးတစ်ချောင်း လူနှစ်ယောက်၊
နေပူပူမှာလည်း လျှောက်ခဲ့ဖူးတယ်။

ငါတို့ကြားမှာ နည်းနည်းလေးတော့ ပိုခဲ့မလား။
ပြည့်စုံခြင်းတစ်ခုမို့ တိတိကျကျ အဓိပ္ပါယ်ဖွင့်မဆိုဖြစ်ခဲ့ဘူး ..။

အဖြေက … မင်းရဲ့ လက်ထဲမှာပဲ ရှိနေတဲ့အခါ
ငါဟာ … စီရင်ခံသက်သက်ပဲ။
ဟုတ်ပါတယ် … အစ၊ အလယ်၊ အဆုံး …
မင်း ကိုယ်တိုင်ပဲ အဖြေ ဖြစ်ခဲ့ပါတယ်။

တစ်စုံတစ်ယောက် အတွက် ပြတ်သားပေးချင်တဲ့အချိန်မှာ
တစ်စုံတစ်ယောက်ကို ချနင်းပေးဖို့ လိုတယ်မလား …။
ဘာမှမတတ်နိုင်တော့တဲ့ အချိန်ရောက်ခဲ့ပြီ ဆိုမှတော့
ငါ နားလည်ပါတယ်လို့ပဲ ပြောရတော့တာပေါ့။

ငါတို့ ရှိခဲ့ဖူးတဲ့အကြောင်းကို
ငါတို့ မရှိတော့တဲ့အချိန်မှာ တွေးမိတဲ့အခါ
ရင်ထဲ … မကောင်းဘူးရယ်..။

သေဆုံးသွားတဲ့ ပတ်သက် ဆက်နွယ်မှု တစ်ခုက
ဒဏ်ရာတွေကိုကျ ဘာလို့များ ရှင်သန်စေခဲ့ရတာလဲ?

တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ရင်း
နေ့လည်ခင်းလေးကလည်း လှပခဲ့ဖူးတယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments