
အဖြူအစိမ်း ဘဝတုန်းက သတိမထားမိခဲ့တဲ့ ကောင်မလေးတွေက တက္ကသိုလ်ရောက်မှ ပန်းလေးတစ်ပွင့် လေလွင့်လာသလို အလန်းလေးတွေ ဖြစ်သွားကြတယ်။
အံ့သြဖို့ ကောင်းတယ်။ တစ်ချိန်က ချေခဲ့မိတဲ့ သူတွေက အခုချိန်မှာ ကိုယ်တွေကို ပြန်ချေတော့တာပေါ့။ လွတ်တဲ့ငါးတွေ သိပ် ကြီးတယ် …။ :D
နတ်သမီး လို့တောင် သတ်မှတ်ထားခဲ့တဲ့ သူတွေက ဆရာကန်တော့ပွဲမှာ ပြန်တွေ့ရတဲ့အခါ အရင်တုန်းကထက် ပိုမလှလာသလို ခံစားရတယ်။ အချိန်တွေ ပြောင်းလဲသွားတာကြောင့်လား …၊ အလေးချိန်တွေလည်း ပါမှာပေါ့လေ ..။
လူတစ်ယောက်ကို ပိုလှလာတယ်လို့ ထင်ဖို့က သူက ပိုလှအောင် ပြင်ဆင် လာတာကြောင့်လည်း ဖြစ်နိုင်သလို ကျနော်တို့ စိတ်ထဲက အလှနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် အပြောင်းအလဲ တွေကြောင့်လည်း ဖြစ်နိုင်တယ်။
ဆယ်ကျော်သက်ဘဝ တုန်းက အလှနဲ့ ပတ်သက်ပြီး ခံယူထားတဲ့ စံပေတံနဲ့ နှစ်ဆယ်ကျော်၊ သုံးဆယ် အရွယ်မှာ ရှိနေတဲ့ အလှရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် မတူနိုင်တော့ဘူး။ ဆယ်ကျော်သက် ဘဝတုန်းကတော့ စွဲမက် မူးဝေ စေနိုင်လောက်အောင် အကြည့်မျိုးရှိတဲ့ ကောင်မလေးကို မြင်ရတဲ့အခါ ရင်ခုန်ပေမယ့် … အခုအရွယ် ရောက်လာတော့ ရင်တုန်တယ်။ ကြောက်တယ်။ ဝေးဝေး ရှောင်တယ်။
ဆယ်ကျော်သက်တုန်းက အချစ်ဆိုရင် သူမှသူပဲ ဖြစ်ခဲ့တယ်။ သူမှ မရှိရင် .. နောက်တစ်ယောက် ဆိုတာလည်း ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။ အဲ့ဒီလောက်ထိကို ရူးသွပ်ခဲ့တယ်။ အဝေးကို မျှော်ကြည့်ရင် မင်္ဂလာဆောင် ခန်းမကြီးပဲ မြင်နေရတယ်။ မတည်မြဲခြင်း၊ မရေရာခြင်းတွေကိုလည်း မစဉ်းစားဘူး။
တစ်ချိန် ကံဆိုးမိုးမှောင် ကျတဲ့အခါ ဂျွန်းပြန်ပက်လက် …။
အချိန်တစ်ခုကြာတဲ့အခါ သူမရှိရင် မဖြစ်ဘူးလို့ ထင်ခဲ့တဲ့သူက သူမရှိလည်း ဖြစ်တယ်ဆိုတာကို သိသွားတယ်။ သူ မရှိလည်း နောက်တစ်ယောက်ဆိုတာ ရှိလာနိုင်တာပဲ မဟုတ်လား။ တဖြည်းဖြည်း ပြောင်းလဲလာပြီ …။ အချစ်ဆိုတာ အသစ်တဖန် မွေးဖွားလို့ရပါလား စသဖြင့် လုံးဝ ပြောင်းလဲသွားတယ်။ မပြောင်းလဲတဲ့ လူတွေလည်း ရှိနိုင်ပါတယ်လေ။
ရှင်သန်ရာ ပတ်ဝန်းကျင် အပြောင်းအလဲနဲ့ အတွေ့အကြုံအသစ်တွေဟာ ကိုယ်ပိုင် ခံယူချက်တွေ ယုံကြည်ချက်တွေကို ပြောင်းလဲ သွားစေနိုင်တယ်။
အတိတ်တုန်းက ရှိခဲ့ဖူးတဲ့ ခံယူချက်တွေ၊ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေအကြောင်း ပြန်စဉ်းစားရင်း ဘယ်လောက်အထိ ပြောင်းလဲခဲ့ပြီးလဲ တွေးမိတယ်။ အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဒါမှမဟုတ် လူတစ်ယောက်ကတော့ ဘဝမှာ အစိတ်အပိုင်း တစ်ခုအနေနဲ့ ရှိနေခဲ့တယ် မဟုတ်လား။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments