လက်ကိုင်ပုဝါလေး လက်ဆောင်ပေးဖူးလား?

လက်ကိုင်ပုဝါ လက်ဆောင် ပေးတယ်ဆိုတာ ထာဝရ နှုတ်ဆက်တယ် ဆိုတဲ့ အယူရှိတယ်။
Image may contain: indoor

Laptop ထဲက ဖိုင်အဟောင်းတွေ ပြန်ကြည့်ရင်း ဓာတ်ပုံ အဟောင်းလေးကို သွားနှိပ်မိတယ်။

လက်ကိုင်ပုဝါလေး တစ်ထည်…။

ဆယ်တန်း ဖြေပြီးခါစ၊ ဆယ်ကျော်သက် အရွယ်၊ ရင်ခုန်တတ်ခါစ အချိန်၊ သူနဲ့ စတွေ့ခဲ့တယ်။ ပါးဖောင်းဖောင်း၊ အရပ်ပုပု၊ နည်းနည်း ပြည့်ပြည့်လေး … ချစ်စရာကောင်းတယ်။ ရည်းစားဦးမို့ ရူးမတတ် ချစ်တော့လည်း သီချင်းလေးထဲကလိုပေါ့ …။

ဒီလိုနဲ့ တစ်ရက်ကျ သူက လက်ကိုင်ပုဝါလေး တစ်ထည် လက်ဆောင်အနေနဲ့ ပေးမယ်လို့ ပြောလာတယ်။ ကျနော်ကလည်း အညှာက လွယ်တယ် မငြင်းပါဘူး။ ကိုယ်တိုင်ကလည်း အမှတ်တရတွေ ဖန်တီးရတာ ကြိုက်သလို အမှတ်တရတွေ ရှိနေတာကိုလည်း နှစ်သက်တဲ့သူဆိုတော့ ..။

အဲ့ဒီတုန်းက အယူသီးတဲ့ အသိ အစ်မ တစ်ယောက်ရှိတယ်။ သူက ဘာပြောလဲဆိုတော့ လက်ကိုင်ပုဝါ ပေးတာ မျက်ရည် သုတ်ဖို့ ပေးတာ။ မင်းငိုရလိမ့်မယ်တဲ့။ သူ့အသိ တစ်ယောက်လည်း အဲ့ဒီလိုပဲ ကောင်မလေးက လက်ကိုင်ပုဝါ လက်ဆောင်အနေနဲ့ ပေးပြီး မကြာဘူး။ ပြတ်သွားတယ်တဲ့။ မင်း လုံးဝ မယူနဲ့တဲ့။ ယူလိုက်ရင် မင်းတို့ ကျိန်းသေ ပြတ်လိမ့်မယ်တဲ့။

ကျွန်တော် အဲ့ဒါမျိုးတွေ မယုံတတ်ပါဘူး။

နှလုံးသားထဲမှာ အချစ်တွေ ပြည့်နေတဲ့အချိန် ဦးနှောက်က နည်းနည်းတော့ ဗလာ ဖြစ်နေခဲ့တယ်။ တုန်နေအောင်ကို ချစ်တာဆိုတော့လည်း ပြတ်မှာတော့ ကြောက်မိတာပေါ့။

လက်ကိုင်ပုဝါ မပေးလို့ ရမလား မေးကြည့်တော့၊ မလိုချင်ရင် လွှင့်ပစ်လိုက်ပေါ့၊ သူ ပေးတာကိုတော့ ယူပါတဲ့။ ကြည့်စမ်း .. ဘယ်လောက် လှသလဲ … ပြောတာ ။ ချစ်သူ ပေးတဲ့ လက်ကိုင်ပုဝါ ဘယ်သူက လွှင့်ပစ်ရက်မတုန်း..။

အလုပ် သွားတော့ ၊ လက်ကိုင်ပုဝါကို အိတ်ထဲ ထည့်သွားတယ်၊ ရုံးရောက်တဲ့အခါ ကွန်ပျူတာဘေးမှာ ချထားတယ်။ သူငယ်ချင်း တွေက လက်ကိုင်ပုဝါ .. နဲ့ ပတ်သက်ပီး မေးရင် ငါ့ ကောင်မလေး ပေးတာကွ၊ အယ့်လယ့် ကြွားတာ၊ ဂုဏ်ယူစရာတော့ ကောင်းတယ်။ အဲ့တုန်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေထဲမှာ ကိုယ်ပဲ စွံခဲ့တာဆိုတော့၊ လက်ကိုင်ပုဝါ တစ်ထည်နဲ့ မြောက်ကြွ မြောက်ကြွပေါ့။

ဒီလိုနဲ့ အပျော်တွေ တစ်လ မပြည့်ခဲ့ပါဘူး။ သူနဲ့ ကိုယ်နဲ့ကြား ပြဿနာပေါင်း သောင်းခြောက်ထောင် စပြီး တက်လာတယ်။ သူ့သူငယ်ချင်းတွေကလည်း ကြားဝင်လွန်းတယ်။ နောက်ဆုံး ကျွန်တော်တို့ လမ်းခွဲခဲ့ရတယ်။

အံ့သြနေဆဲ ဖြစ်နေတာကတော့ လက်ကိုင်ပုဝါကို မယူဖို့ အသေအချာကို တားနေခဲ့တဲ့ အစ်မ အကြောင်းပေါ့။ သူက အဲ့ဒီနေ့ မတိုင်ခင် ကတည်းက ကျွန်တော်နဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်။ ဒီစာကို ရေးနေတဲ့ အချိန်ထိ ဆိုပါတော့။ အခုချိန် ပြန်တွေ့ရင် လက်ကိုင်ပုဝါ မယူပါနဲ့ နင့်ကို အတန်တန် ပြောခဲ့ပါတယ် ဆိုပီး အဲ့ဒီ အစ်မက ဆူနေမှာ ကျိန်းသေတယ်။

ကျနော် ကိုယ်တိုင်လည်း လက်ကိုင်ပုဝါကြောင့်လို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ အခုချိန်ထိ တိုက်ဆိုင်မှု တစ်ခုလို့ပဲ တွေးထားဆဲပါ။ ဒါပေမယ့် တိုက်ဆိုင်မှုတွေက တိုက်ဆိုင်လွန်းတဲ့အခါ ….။

ဪ … ဘာလိုလိုနဲ့ ၄ နှစ်တောင် ကြာခဲ့ပြီ။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments