နှင်းဆီပုံပြင်

Close-Up Photography of Red Rose

(အခန်း - ၁)

"မင်း .. စက်ဘီးခြင်းထဲမှာ နှင်းဆီပန်း တစ်ပွင့်"

ဝေယံ လက်ညိုး ထိုးပြသဖြင့် ဇင်ဖြိုး လှည့်ကြည့်လိုက်ရာ စက်ဘီးခြင်း ထောင့်တွင် နှင်းဆီပန်းလေး တစ်ပွင့်ရှိနေသည်ကို တွေ့ရသည်။ မိန်းကလေး တစ်ယောက် နှင်းဆီပန်း ရလျှင် မည်ကဲ့သို့ တုံ့ပြန်ကြမည်နည်း၊

ကောင်လေး တစ်ယောက်ဆိုရင်ရော မည်သို့ တုံ့ပြန် ရမည်နည်း။ အားလုံးက ဇင်ဖြိုးကို ကြည့်နေကြသည်။ ထိုထဲတွင် ဇင်ဖြိုး ချစ်ခွင့် ပန်ထားသည့် သက်ထား ဆိုသည့် ကောင်မလေးလည်းပါသည်။ ဇင်ဖြိုး ဘာဆက်လုပ်ရမည်ကို မသိ ..၊ ထို့နောက် နှင်းဆီပန်းလေးကို ခြင်းထဲတွင် ပြန်ချထားလိုက်သည်။

"လာ … သွားမယ်"

ဇင်ဖြိုးနှင့် ဝေယံတို့ စက်ဘီး ကိုယ်စီနှင့် ကျူရှင်အိမ်မှ ထွက်လာ ခဲ့ကြသည်။ မကြာခင် လမ်းဘေး လက်ဖက်ရည် ဆိုင်လေးရှေ့ ရောက်လာသည်။

"လက်ဖက်ရည် သောက်မလား?"

ဇင်ဖြိုးက မေးလိုက်သည်။

"အေ … ကောင်းတာပေါ့"

ယောက်ျားတို့၏ ဆွေးနွေးရာ နေရာလေး…။ သည်နေရာလေးတွင် နာကျင်စရာလေးတွေလည်း ညည်းသည်။ ကြင်နာစရာလေးတွေလည်း ပြောလေ့ရှိသည်။ ရယ်စရာလေးတွေ ပြောသလို မောစရာလေးတွေပါ ရင်ဖွင့်တတ်ကြသည်။

"မင်းဘာလို့ ပန်းကို ယူလာတာလဲ"

ဝေယံက ဇင်ဖြိုးကို မေးလိုက်သည်။ ဇင်ဖြိုးက အဖြေတန်း မပေးသေးဘဲ လက်ဖက်ရည် နည်းနည်း မော့လိုက်သည်။

"ငါ .. အားနာလို့ပါ .. "

"သက်ထား .. က ဆယ်တန်းပြီးရင် မင်းကို အဖြေပေးမှာနော်"

"အေးလေ .. .. ငါသိပါတယ်"

"ဒီပန်းက ..?"

"ငါ .. ပစ်မချခဲ့သင့်ဘူးလို့ ထင်လို့ပဲ"

ဇင်ဖြိုးမျက်လုံးများက ဘေးတွင် ရပ်ထားသော စက်ဘီးခြင်းလေးဆီ ရောက်သွားသည်။ နှင်းဆီပန်းလေးကတော့ စက်ဘီးခြင်း အောက်ခြေတွေ လှဲလျက်ရှိသည်။ မိုးလေးကလည်း ဖွဲဖွဲလေး ကျနေသည်။

+++++++++++++++++++++++++++++
(အခန်း - ၂)

ဇင်ဖြိုး ကျူရှင်ကနေ ပြန်ဆင်းလာသည့် အချိန်။

ရုတ်တရက် ဇင်ဖြိုး မျက်နှာ ပျက်သွားသည်။ ဝေယံက သတိထားမိသဖြင့် ဇင်ဖြိုး၏ မျက်လုံးများ လားရာသို့ လှမ်းကြည့်လိုက်သည်။ စက်ဘီးခြင်းထဲတွင် နှင်းဆီပန်းလေး တစ်ပွင့် ရောက်နေခဲ့ပြန်ပြီ။

"အရှေ့က ဖယ် .."

သက်ထား၏ ခပ်ရင့်ရင့် အသံဖြစ်သည်။

"နင်က .. တော်တော် စွံတယ်နော် .. ပန်းပေးလည်း ယူတာပဲ"

သက်ထား၏ မျက်လုံးတို့သည် .. တစ်ခုခုကို မကျေနပ်ဟန် ဖြစ်နေသည်။ ဝေယံက အလိုက်တသိ ထွက်သွားပေးသည်။

"နင် .. ထင်သလို .. မဟုတ်ဘူး .. သက်ထား"

"ဟုတ်လား .. ဒီနေ့လည်း နင် အဲ့ဒီပန်းကို ယူသွားဦးမှာပါ .... ငါထင်တာ ဒီလိုပဲ"

သက်ထားလည်း ဘေးကနေ ကပ်ထွက်သွားပြီး သူ့အိမ်က လာကြိုမည့် သူကို အုတ်ခုံလေးပေါ်က သွား စောင့်နေသည်။

"နင်ငါ့ကို တကယ်ချစ်တယ်ဆို ပန်းကို လွှင့်ပစ်လိုက်လေ"
သက်ထား အသံက တော်တော်လေး မာနေသည်။

"ဟာ .. ဘယ်လို … သူ့ကို ချနင်းသလို ဖြစ်မှာပေါ့ဟ"
ဇင်ဖြိုးက ကလည်း ပြန်ပြောရှာသည်။

"နင်သူ့ကို သိလို့လား"
သက်ထား က မေးခွန်းထုတ်လိုက်သည်။

"မသိဘူး ေလ"

"နင် .. အရူးပဲ"
ဇင်ဖြိုးလည်း သက်ထား နှင့် အငြင်းအခုန် ဆက်မလုပ်တော့ဘဲ လှည့်ထွက်လာခဲ့သည်။ ရပ်ထားသော စက်ဘီးဆီသို့ အရောက် ..၊

"သက်ထား .. မင်းကို ကြည့်နေတယ်"

ကျောခိုင်း ထွက်လာသည့် ဇင်ဖြိုးကို ဝေယံက သက်ထား ကြည့်နေသည့် အကြောင်း ပြောသည်။

ဇင်ဖြိုး တစ်စုံတစ်ခုကို စဉ်းစားနေဟန် …။ ထို့နောက် ခြင်းထဲမှ နှင်းဆီပန်းကို ယူလိုက်သည်။ သက်ထားကို တစ်ချက် လှည့်ကြည့်လိုက်ပြီး နှုတ်ကနေ တိုးတိုးလေး ပြောလိုက်သည်။

"Sorry"

နှင်းဆီပန်းကို ခြင်းထဲ ပြန်ထည့်လိုက်ပြီး စက်ဘီး ဒေါက်ဖြုတ်ကာ နင်း ထွက်သွားတော့သည်။ ကျောခိုင်းသွားခဲ့သည့် ဇင်ဖြိုးကို ကြည့်ရင်း တစ်ယောက်တည်း ကျန်ရစ်နေခဲ့သူမှ သက်ထား ဖြစ်သည်။

"ငါနားလည်ပါတယ် .. မင်းစိတ်ကို .. ဒါပေမယ့် သက်ထားလည်း .. မင်းကို စိတ်ထဲ ရှိနေရင် ခံစားရမယ်ကွ"

သူငယ်ချင်းဖြစ်သူ ဝေယံကတော့ နှစ်ဖက်လုံးကို မြင်စေချင်သည့် သဘောရှိသည်။ ဇင်ဖြိုးကတော့ နှင်းဆီပန်းလေး၏ နောက်ကွယ်က တစ်ယောက်ကို စိုးရိမ်နေခဲ့သည့် ပုံစံ။

"ပန်းပေးတဲ့သူ အပေါ်တော့ .. မသိဘူး၊ သက်ထား အပေါ်တော့ မင်း အခုကတည်းက ရက်စက်သလို ဖြစ်နေပြီ"

"ငါ နားလည္ပါတယ္"

" ဒီစကားက မပြောသင့်ပေမယ့် ပြောမယ် တစ်ခါပဲ ရက်စက်လိုက်ရင် . တစ်ခါတည်းပဲ … ခံစားရမယ် … မင်းလုပ်ရပ်က နှစ်ယောက်စလုံးကို အကြိမ်ကြိမ် အခါခါ သေစေဖို့ … ဦးတည်နေတယ်"

ကောင်ကင်ကြီးက မှောင်လုလု ..၊ မိုးမှာလည်း ဖွဲတဲတဲ ..၊ သို့သော် ထိုနေ့ညကတော့ မိုးတွေ အတော် ရွာခဲ့သည်။
-
-
-
နောက်တစ်နေ့ ဇင်ဖြိုးနှင့် ဝေယံတို့ ကျူရှင်က ပြန်ဆင်းလာသည့် အချိန်၊

ဇင်ဖြိုးလည်း မျက်နှာ သိပ်မကောင်း၊ တစ်ခုခုကို စိုးရိမ်နေဟန် တူသည်။ လှေကားအဝကနေ စက်ဘီးခြင်းကို လှမ်းကြည့် လိုက်သည့်အခါ .. နှင်းဆီပန်းလေးကို မတွေ့ရတော့..၊ ဇင်ဖြိုး မြန်မြန် ဆင်းသွားလိုက်သည်။

ခြင်းထဲတွင် စာလေး တစ်စောင် ရောက်နေသည်။ စာရွက်၏ အပေါ်ဆုံး မျဉ်းကြောင်းပေါ်တွင် စာလေး တစ်ကြောင်းသာ ပါသည်။

"ရက်စက်တယ် "

နှင်းဆီပန်းလေး အစား ရောက်လာသည့် စာများလား? ဇင်ဖြိုး တွေးမိသည်။

ထို စာလေးကို ဇင်ဖြိုးက သူ့စာအုပ်ကြားထဲ ညှပ်ထည့်လိုက်သည်။

ရက်စက်မှု တစ်ခု အတွက် ယုတ်မာမှုတွေသာ လိုအပ်သည်ဟု ထင်ခဲ့မိသည်။ တစ်ခါတရံ ဂရုစိုက်ပေးရုံနှင့်လည်း ရက်စက်နိုင်သည်လား?

တစ်စုံတစ်ယောက်ကို ရုတ်တရက် သတိရသွားသဖြင့် ဇင်ဖြိုး လှည့်ကြည့် လိုက်သည်။ အုတ်ခုံလေးပေါ်တွင် သက်ထား တစ်ယောက် ရှိမနေတော့ပါ။ ထိုနေ့က အိမ်ပြန်လမ်းတွင် ဇင်ဖြိုး စိတ်ထဲ လေးနေခဲ့သည်။ ထိုညကလည်း ကောင်းကောင်း အိပ်မပျော်ခဲ့..၊

++++++++++++++++++++++++++++++
အခန်း(၃ - ဇာတ်သိမ်း)

"နင် .. သူ့ကို ရွေးချယ်ခဲ့တာပဲ"

သက်ထားက ဇင်ဖြိုးကို စွပ်စွဲလိုက်သည်။ ဇင်ဖြိုး ခေါင်းရမ်းရင်း …

"မဟုတ်ဘူး .. ငါသူ့ကို ကာကွယ်ပေးခဲ့ရုံပဲ ငါမှာ ရွေးချယ်ခွင့်မရှိခဲ့ဘူး သက်ထား"

တစုံတစ်ယောက်ကို ကာကွယ်ပေးခွင့်ရှိသည်။
တစ်စုံတစ်ယောက်ကို ရွေးချယ်ခွင့်ကော ရှိမလား။

တစ်စုံတစ်ယောက်ကို ပျော်ရွှင်စရာတွေ ဖန်တီးပေးခွင့်ရှိသည်။
တစ်စုံတစ်ယောက်ကို ရက်စက်ခွင့်ကော ရှိမလား။

"ကိုယ့်ကို ချစ်ပါတယ်ဆိုတဲ့ ကောင်လေးက ကိုယ့်ထက် တခြားတစ်ယောက်ကို ကာကွယ်ပေးနေတာကို မြင်ရလို့ …."

သက်ထား၏ စကားမဆုံးလိုက်ခင် …။

"ငါတောင်းပန်ပါတယ်"

ဇင်ဖြိုးက တောင်းပန်စကား ဆိုလိုက်သည်။

"နင် .. ဒါပဲ ပြောတတ်တော့တာလား? .. ငါ့နေရာကို .. စဉ်းစားခဲ့ရဲ့လား?"

"ငါ့ အပြစ် ငါသိပါတယ် .. ငါနင့်ကို ချစ်တယ် … နင် အပြစ်ပေးမယ်ဆိုလည်း …. "

"ကောင်းပြီလေ …"

ခဏမျှ ငြိမ်သက်သွားသည်။ ထို့နောက်.. သက်ထားက ဇင်ဖြိုး မျက်နှာကို တည့်တည့် ကြည့်လိုက်သည်။ သက်ထားဆီက ဘယ်လို ဒဏ်ခက်မှုမျိုးကို လာတော့မည်လဲ … စိုးရိမ်စွာ နားစွင့်နေမိသည်။

"ငါလည်း နင့်ကို ချစ်တယ်ဆိုတာ နင်သိလား"

ရုတ်တရက် ထွက်လာသည့် မမျှော်လင့်ထားသည့် စကားကြောင့် ဇင်ဖြိုး မျက်လုံးပြူးသွားသည်။

".. နင် .. နင်… အဖြေပေးလိုက်တာလား …"

"ဘာလဲ .. မကျေနပ်ဘူလား .?"

"ဟာ .... ကျေနပ်တယ်လေ … နင် … တကယ် ပြောတာနော်"

"ဟွန့်…"

မျက်စောင်းလေးထိုးပီး မခို့တရို့ အပြုံးလေး … ၊

သက်ထား၏ ချစ်အဖြေကို မထင်မှတ်ထားသော အချိန်တွင် ရလိုက်သဖြင့် ဇင်ဖြိုး တော်တော်လေး ဝမ်းသာသွာသည်။ မိန်းကလေးများ၏ စိတ်က ယခုလို နားမလည်နိုင်အောင် အပြောင်းအလဲဆန်သည့် အခိုက်အတန့်လည်း ရှိသည်ကိုး…။

ရေခိုးရေငွေ့များ ပါနေသည့် လေအေးလေးများ တဖြူးဖြူး တိုက်ခက်နေသဖြင့် တစ်ချက်တစ်ချက် ချမ်းစိမ့်စိမ့် ဖြစ်..။ နှစ်ယောက်စလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ အတန်ကြာအောင် ပြုံးနေမိကြသည်။

သက်ထားရယ်၊ ဇင်ဖြိုးရယ် … အနီးဆုံးက မိုရေစိုနေတဲ့ အုတ်ခုံလေး တစ်ခုရယ် … ၊

"ငါသွားတော့မယ် ဇင်ဖြိုး … အိမ်က လာကြိုပြီ"

ဒီတစ်ခါတော့ တစိမ့်စိမ့်ကြည့်ရင်း ကျန်ရစ် နေခဲ့မည့်သူမှာ ဇင်ဖြိုး ဖြစ်လိမ့်မည်။ သက်ထားကို မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည့် တိုင်အောင် အုတ်ခုံလေးပေါ်မှာ ထိုင်၍ ကြည့်နေခဲ့သည်။

ထို့နောက် အိမ်ပြန်ရန် အထ …၊

အုတ်ခုံလေးဘေးတွင် နှင်းဆီပန်းလေး တစ်ပွင့် ပွင့်ဖက်လေးများ တစ်စစီ ခြွေချဖျက်စီးခြင်း ခံထားရသည်ကို ဇင်ဖြိုး တွေ့လိုက်ရသည်။

"ဟာ … "

ပျံ့ကြဲနေသော နှင်းဆီ ပွင့်ဖက်လေးများထဲမှ ပွင့်ဖက် တစ်ခုကို ဇင်ဖြိုး ကောက်ယူလိုက်သည်။ ထို့နောက် စာအုပ် ကြားထဲသို့ ညှပ်လိုက်သည်။

ချစ်သူဆီက ချစ်အဖြေကို ရခဲ့သဖြင့် ပျော်စရာ တစ်ခု ဖြစ်နေပေမယ့် ဖျက်စီးခံထားရသည့် နှင်းဆီပန်းလေး တစ်ပွင့် အကြောင်းကိုလည်း ဇင်ဖြိုး တွေးနေမိသည်။

"ရက်စက်တယ်" ဟု ပြာလဲ့လဲ့ မှင်ကိုသုံးပြီး ရေးထားခဲ့သည့် စာလေး တစ်စောင် ကလည်း ဘယ်သူများ ရေးခဲ့တာလဲ .. ဇင်ဖြိုးအတွက် မသိခြင်း များစွာ…။

အုတ်ခုံလေးကို ကျောခိုင်းလျက်... အိမ်အပြန် …ခရီးမှာ … မေးခွန်းများစွာ ..။

စက်ဘီးခြင်းထဲသို့ အချိန်မှန်မှန် ရောက်ခဲ့သည့် နှင်းဆီပန်းလေးများမှာ ထိုနေ့မှစ၍ မှော်ဆန်ဆန်ပဲ ပျောက်ကွယ် သွားခဲ့သည်။ နောက်ကွယ်မှာ ဘယ်သူရှိနေခဲ့လဲ ဆိုတာကိုတော့ နှင်းဆီပန်းလေးတွေက လွဲ၍ မသိနိုင်..။

အမှားတွေ ယှဉ်ခဲ့ကြတာလား ..၊

အမှန်တရားတွေ ပြိုင်ခဲ့ကြတာလား ..၊

သေချာတာကတော့ ချစ်ခြင်းတစ်ခုက လွဲ၍ .. အခြား မသိခြင်းများစွာလည်း .. ရှိနေခဲ့သေးသည်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments