
ရည်းစားစာ ပေးတယ်ဆိုတာက နည်းနည်းတော့ ပျောက်ကွယ်သလောက် ဖြစ်နေပါပြီ။ ကောင်မလေး တစ်ယောက်ကို ချစ်ကြောင်း ကြိုက်ကြောင်း ပြောလို့ရတဲ့ နည်းတွေက အရမ်းများလာတယ်။ တိတ်ဆိတ် ငြိမ်သက်တဲ့ ဆိုင်လေး တစ်ဆိုင်ကို ချိန်း … သူ့ကိုချစ်တဲ့အကြောင်း ပြောမလား၊ ဒါမှမဟုတ် ဖုန်းနဲ့ဖြစ်ဖြစ် ပြောမလား။
အပြင်မှာလည်း တွေ့ပီး မပြောရဲဘူးဆိုရင် Message ပို့ပြီးလည်း မပြောသင့်ဘူး။ ရည်းစားစာလေး တစ်စောင် ရေးပေးလိုက်ပါ လို့ အကြံပေးချင်တယ်။ အနည်းဆုံး သူဖတ်မှာပါ။ ဒီဘက်ခေတ်ဆို ပိုတောင် သေချာသေးတယ်။ စာပေးတယ်ဆိုတာ ကွယ်ပျောက်သလောက် ဖြစ်နေတော့ စာပေးရင် ရင်ခုန်ကောင်း ရင်ခုန်နိုင်သလို၊ ဖတ်လည်း ဖတ်ချင်နေမှာပဲ။
အရင်ခေတ်က စာပေးတဲ့သူ သိပ်များတော့ စာတွေ ဘာတွေ ဆွဲဖြဲတာတို့ ဘာတို့ စတဲ့ ဆိုးရွားတဲ့ တုံ့ပြန်မှုတွေ ကြုံရနိုင်တယ်။ ဒီဘက်ခေတ်ကတော့ အဲ့လောက်ထိ ရက်စက်မယ့်သူတွေ မရှိနိုင်တော့ပါဘူး။ အလေးထားပြီး ဖတ်ပေးကြမှာပါ။
ရည်းစားစာ ဆိုတာ ခေတ်နောက်ကျတယ် လို့တောင် ထင်ကောင်း ထင်နိုင်တယ်။ ဒါပေမယ့် ရှားပါးသွားတဲ့ အရာဟာ အသစ်အဆန်း တစ်ခု ဖြစ်လာနိုင်ပါတယ်။
ရည်းစားစာ တစ်စောင် ဘယ်လိုရေးရမလဲ .. တကယ်တော့ ပုံသေနည်းတွေ မရှိပါဘူး။ ဒါပေမယ့် အခုမှ စပြီး ရေးမယ့်သူဆို ဘယ်ကနေ ဘယ်လို စရေးရမလဲ မသိတတ်ကြဘူး။ အထက်တန်းတုန်းက ရေးခဲ့ဖူးတဲ့ ရိုးရိုးရှင်းရှင်း စတိုင်လေးတွေ ရှိတယ်။ အဲ့ဒါလေးတွေကို ကိုယ့်စိတ်ကြိုက် လိုတာလေးတွေ ထပ်ထည့်ပြီး ရေးလို့ရပါတယ်။
@ ပထမဆုံး စတွေ့ခဲ့တဲ့ နေ့ရက် အကြောင်း ထည့်ရေးပါတယ်
ဘယ်လောက်ထိ သူ့အပေါ် လေးနက်မှုရှိသလဲ ပြောပြနေသလိုပါပဲ။ အဲ့ဒီနေ့က သူက အကျႌ ဘာအရောင်လေး ဝတ်ထားလဲ။ စကတ်လား၊ လုံချည်လား၊ ဘယ်မှာတွေ့တာလဲ။ အဲ့ဒီနေ့က ဘယ်လိုတောင် လှနေခဲ့လဲ။ စဉ်းစားမိသလောက် ရေးသင့်ပါတယ်။
@ သူနဲ့ပတ်သက်ပြီး ရင်ခုန်မိတဲ့ အချက်လေးတွေ ထည့်ရေးတယ်။
သူက ပျော်ပျော်နေတတ်လား၊ ကလေးဆန်လား၊ ဘယ်လို အကျင့်လေးတွေ ရှိလဲ။ သူ့အကြည့်တွေကို ထူးခြားတယ်လို့ ခံစားရလား၊ အပြုံးလေးတွေက ဘယ်လိုနေလဲ။ စိတ်ဆိုး စိတ်ကောက်တဲ့ ပုံစံလေးတွေ မြင်ဖူးလား၊ လမ်းလျှောက်တဲ့ ဟန်ရော ? မိန်းမဆန်ဆန် နေတတ် ထိုင်တတ်လား၊ ယောက်ျားဆန်ဆန် အပြောအဆို အပြုအမူတွေ ရှိနေလား၊ ရန်ဖြစ်တဲ့ အခါ အငြင်းသန်လားပေါ့ …။
@ ဘယ်တုန်းက စချစ်ခဲ့တာလဲ ?
ဒါက မိန်းကလေးတိုင်း သိချင်ကြတယ်။ ဒါပေမယ့် အဖြေက အဲ့လောက် မရိုးရှင်းဘူး။ မြင်မြင်ချင်း ချစ်မိသွားတယ် ဆိုတာကတော့ ကျန်ခဲ့ပါပြီ။ တွေ့ရ မြင်ရ များလာတော့ သံယောဇဉ်လေးတွေ ဖြစ်လာတယ်။ ဖြူစင်တဲ့ သဘောမနောကို သိပြီးနောက်ပိုင်း အချစ်ဆိုတာ တစ်စတစ်စ ဖြစ်တည် လာတတ်တယ်။ သူနဲ့ကိုယ်ကြားမှာ အမှတ်တရ ဖြစ်ရလောက်တဲ့ အဖြစ်အပျက် ရှိရင်လည်း အဲ့ဒီတုန်းက စပြီး ရင်ထဲမှာ တစ်စ တစ်စ ဖြစ်တည်လာတဲ့ အကြောင်း ပြောလို့ရပါတယ်။
@ စာပြန်ဖို့ ထည့်ရေးတယ်
သူ့ဆီက စာပြန်စေချင်တယ်။ ဖြစ်နိုင်မယ်ဆိုရင်ပေါ့ ဆိုတာမျိုး။ အရမ်းကြီး ဇွတ်တရွတ် မဆန်ဖို့ လိုတယ်။ သူ့သဘောပါ ဆိုတဲ့ လေသံမျိုး ဖြစ်အောင် ရေးသင့်တယ်။ မာယာတော့ ဆန်နေမလား မသိ .. အဟိ။ တချို့ ကောင်မလေးတွေက အရမ်း ရှက်တတ်တယ်။ စာပြန်ချင်ရင်တောင် ကိုယ်က စာပြန်ပေးဖို့ မတောင်းဆိုခဲ့ရင် သူတို့အတွက် ပြန်စာရေးဖို့ ခက်ခဲတယ်။ ဒါလေးတော့ ထည့်ရေးစေချင်တယ်။ အလိုက်တသိပေါ့။
@ ချစ်တယ်
ရည်းစားစာ ဆိုတာ ဒီစာလုံးတော့ ပါသင့်တယ်။ မိန်းကလေးတိုင်းကလည်း ဒီစာလုံး ပါမယ်ဆိုတာ သိပြီးသားပဲ။ ရိုးရိုးပဲ ရေးသင့်တယ်။ အဲ့ဒီ စာလုံးကိုမှ ကာလာ အရောင်တွေ သုံးပီး အရူးမထပါနဲ့ ..။ Spoiler လုပ်သလို ဖြစ်ပါလိမ့်မယ်။ စာရဲ့ ဘယ်နေရာမျိုးမှာ ဒီစာလုံးလေး ပါလာမလဲ ဆိုပီး ရင်ခုန်စွာ ဖတ်နေမယ့် သူအတွက် ဆိုရင်ပေါ့။
@ အဆုံးသတ် လှအောင် ရေးပါတယ်
စာတစ်စောင်ရဲ့ အဆုံးသတ်ဟာ ဖတ်တဲ့သူ စိတ်ထဲမှာ ထင် ကျန်ရစ်သင့်တယ်။ ကျန်ရစ် စေနိုင်လောက်အောင် စိတ်ဝင်စားမှုမျိုးလည်း အဆုံးသတ်မှာ ရှိနေရမယ်။ ဖတ်တဲ့သူကလည်း အဆုံးသတ်ကို စိတ်ဝင်တစား ဖတ်တတ်တဲ့ သဘောရှိတယ်။
ကိုယ်ဖြစ်ချင်တာလေးတွေနဲ့ ကတိကဝတ်လေးတွေ ရေးပြီး အဆုံးသတ်လို့ရတယ်။ ကော်ဖီဆိုင်လေးမှာ သူနဲ့အတူ ထိုင်ချင်မိတာမျိုး ..။ ညနေ ရုံးဆင်းချိန်တွေမှာ မုန့် အတူ စားချင်တာမျိုး၊ ရေစိုနေတဲ့ ပလက်ဖောင်တွေပေါ်မှာ လမ်းတွေ လျှောက်ချင်တာတို့ ဘာတို့ …။ ကိုယ်ဖြစ်ချင်တာလေးတွေ အရင်ရေး ပြီးရင်တော့ သူ့အတွက် ဘယ်လို စဉ်းစားထားလဲ၊ သူ့ကို ဘယ်လောက်ထိ ရည်ရွယ်ထားလဲ၊ သူနဲ့ အတူ အချိန်တွေ ဘယ်လို ကုန်ဆုံးချင်တာလဲ၊ သူ့ကို ပျော်စေချင်တဲ့ ဆန္ဒလေးတွေ စသဖြင့် ကတိကဝတ် နည်းနည်းပါးပါး ရေးပီး အဆုံးသက်လို့ ရပါတယ်။ ဒါဆိုရင်တော့ သူ့စိတ်ထဲ နောက်ဆုံး ဖတ်မိခဲ့တဲ့ အကြောင်းအရာကို တစိမ့်စိမ့် မှတ်မိနေပါလိမ့်မယ်။
သတိထားရမယ့် အချက်လေးတွေကတော့ စာလုံးပေါင်းမမှားစေနဲ့ ..၊ ဖျက်ရာ မပါစေနဲ့၊ သန့်သန့်ရှင်းရှင်း ဖတ်ချင်စဖွယ် ဖြစ်အောင် လက်ရေးလှလှနဲ့ ရေးသင့်တယ်။ မလှလည်း လှတဲ့သူကို အကူအညီတောင်းသင့်တယ်။ နေ့စွဲလေးတော့ တပ်ပါ။ အဲ့ဒီနေ့ကိုလည်း မှတ်ထားပါ။ စာကို တစ်ဆင့် ဖြစ်စေ၊ သူ့စာအုပ်ကြားထဲ ညှပ်ပြီး ထည့်ပေးလိုက်တာမျိုး ဖြစ်စေ ပေးသင့်တယ်။ ကိုယ်တိုင် ပေးရင် သူ့အတွက် ယူဖို့ ခက်ခဲနိုင်တယ်။ အရမ်းရှက်တတ်တဲ့ သူမျိုး ဆိုရင်ပေါ့။
အခုပြောသွားတာတွေက နမူနာ တစ်ခုအနေနဲ့ ပြောပြတာပါ။ ပုံသေနည်းတွေ မဟုတ်ပါဘူး။ စိတ်ကြိုက် လိုသလို ပြောင်းရေးနိုင်တယ်။ ရည်းစားစာ ယဉ်ကျေးမှုလေးကတော့ ပြန်ပြီး ဖြစ်လာဖို့ မလွယ်တော့ပါဘူး။ ကိုယ်တိုင် တွေ့ပြီးလည်း မပြောချင်ဘူး။ ထူးထူးဆန်းဆန်းလေးလည်း ဖြစ်စေချင်တယ်၊ အလေးအနက်ထားမှု တစ်ခုကိုလည်း ပြချင်တယ်ဆိုရင်တော့ ရည်းစားစာလေး ရေးပြီး သူ့အိတ်ထဲ ထည့်ပေးလိုက်တာက ရွေးချယ်စရာ တစ်ခု ဖြစ်လာပါလိမ့်မယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments