ဆောင်းအအေးစက်၊ အလွမ်းအနွေးဓာတ်

Road Cover With Fogs
ကိုယ် အလေးထားတဲ့ လူတစ်ယောက်က
ကိုယ့်ကိုလည်း အရေးကြီးရမယ်လို့ မမျှော်လင့်ပါဘူး။
နှစ်ယောက်ကြားမှာ ဘေးလူတွေ ပါလာတာတော့
တကယ် အဆင်မပြေဘူးရယ်…၊
ဘာလို့များလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ တွေဝေနေတုန်းမှာပဲ
ကိုယ်တိုင် ဘေးလူ တစ်ယောက် ဖြစ်သွားရတယ်။

အလယ်မှတ်ကို ကြိုက်တဲ့ နေရာမှာ သတ်မှတ်ပြီး
အမှန်ရယ် အမှားရယ်ကို မျက်စိ တစ်ဖတ် မှိတ်ပြီး ချိန်တယ်။
ချစ်တဲ့ ကိုယ့်ကိုကျ စုံမှိတ်ပြီး ပြောတယ်။
လူတစ်ယောက်ကို ရက်စက်ရမယ်ဆိုရင်
မျက်နှာမကြည့်ဖို့လည်း လိုအပ်တယ်လား။

ဆုံးရှုံးသွားတဲ့ အရာတစ်ခုအတွက်
တကူးတက စွန့်လွှတ်နေဖို့ မလိုအပ်ပါဘူး။
ကိုယ့် ဆန္ဒမပါလည်း သူက အဝေးကို ရောက်သွားဦးမှာပဲလေ။
ယုံကြည်ရာ တစ်ခုအတွက် မယုံကြည်တဲ့ အရာပေါင်းများစွာ
မျက်ကွယ်ပြုခံနေရတာလည်း သဘာဝပဲ မဟုတ်လား။

အဝေးပြေးလမ်းမကြီးကို ခပ်ရေးရေးပဲ မြင်ရတော့တယ်။
သူမရှိတော့ပေမယ့်လည်း နိုဝင်ဘာက ပြန် ရောက်လာပြီ …၊

အနားမှာ ရှိနေတဲ့ ယုဇနပင်လေးရဲ့
အရွက်ဖျားမှာ ရေစက်ကလေး သီးနေတယ်။
နှင်းစက်လေးတွေ အများကြီး ပေါင်းစပ်ပြီးမှ
ဖြစ်တည်လာခဲ့တဲ့ ရေစက်ကလေး …၊
မြေပေါ်ကို သက်ဆင်းဖို့ အတွက်တော့
အချိန်အများကြီး မလိုအပ်ခဲ့ဘူး။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments