ကျန်ခဲ့တာလား၊ ချန်ခဲ့တာလား

Road Surrounded by Green Trees
ကိုယ့်ကို စကားလုံးတွေ အများကြီး ဖြစ်စေခဲ့တဲ့ လူတစ်ယောက်က
တိတ်ဆိတ်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ မတွေးမိခဲ့သလို
အပြုံးတွေ အများကြီး ပွင့်စေခဲ့တဲ့ လူတစ်ယောက်က
မျက်ရည်တွေလည်း ဖန်တီးနိုင်တယ်လို့ စဉ်းစားမိပါ့မလား။

အရုပ်တစ်ရုပ်ကို အသက်သွင်းတတ်တဲ့သူက
သတ်နည်းလည်း သိတယ်။
ဘယ်ရုပ်သေးရုပ်မှ တကယ် ကတတ်ဖို့ မလိုဘူး။
ပညာသည်တစ်ယောက်ရဲ့ ကြိုးဆွဲရာအောက်မှာ
အားလုံးဟာ အစီစဉ်တကျ … လှတယ်။

အရှိန်နဲ့ သွားနေတဲ့ အဝေးပြေးကား တစ်စီးပေါ်မှာ
အရှုံးသမား တစ်ယောက် ရှိတယ်။

ကားမှန်ပြုတင်းပေါက်ကနေတစ်ဆင့်
ငှက်ကလေးတွေ ပျံသွားတာ မြင်တဲ့အခါ
ကိုယ်ဟာ ကျန်ရစ်ခဲ့တဲ့ လူတစ်ယောက်လား….။

ဤမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်က
တဖြည်းဖြည်း အနောက်မှာ ကျန်နေခဲ့တယ်။
ဒီလိုဆိုတော့လည်း … ကိုယ်ဟာ ရာထူးတက်ပြီး
နှုတ်ဆက်ခဲ့သူ တစ်ယောက်များ ဖြစ်သွားမလား။

ကြံဖန် ဖြေသိမ့်နေရတဲ့ ဘဝမျိုးက
ဒဏ်ရာတော့ အပြည့်ပဲ …။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments