
“နင် … အဆင်ပြေရဲ့လား”
စကားသံလေး ဖျော့တော့တာ့နဲ့ ကျနော့်ကို မေးတယ်။ အဆင်မပြေအောင် လုပ်သွားတာကလည်း သူကိုယ်တိုင်ပဲ ဆိုတော့ မဝံ့မရဲ ဖြစ်နေတယ်။ ချက်ချင်း အဖြေ မပေးသေးဘဲ ရှေ့က ကော်ဖီကို နည်းနည်း မော့လိုက်တယ်။ ပြီးတော့မှ ..
“အင်း .. နင်ကော ..”
သူကတော့ မေးစရာမလိုလောက်အောင် အဆင်ပြေတယ်ဆိုတာ ကျနော်သိပါတယ်။ ရောက်တဲ့နေရာမှာ ပျော်တတ်တဲ့ သူလေ။
“အင်း … ပြေပါတယ် ဟာ .. ဘာလိုလိုနဲ့ ၄ နှစ် လောက် တောင် ကြာခဲ့ပြီနော်”
သူက အခုမှ နှစ်တွေကို တွက်ပြနေတယ်၊ အဲ့ဒီ အချိန်တွေတုန်းက ၂၄ နာရီတိုင်းကို ဝမ်းနည်းစရာတွေနဲ့ အချိန် အကြာကြီး ကျနော် ဖြတ်သန်းခဲ့ရတာ။ သူ … သိလျက်နဲ့ …။
“ငါတောင်းပန်ပါတယ်ဟာ ..”
ရုတ်တရက် ကျနော် မျက်လုံး နည်းနည်း ပြူးသွားတယ်။ လက်လက် ဆက်ဆက် အသည်းကို ရက်ရက် စက်စက် ခွဲရက်တဲ့ လွန်ခဲ့တဲ့ ၄ နှစ်တုန်းကတောင် သူ့ဆီက မကြားခဲ့ဖူးတဲ့ စကား …၊ အခုလို ကြားရတော့လည်း စိတ်ထဲ ဝမ်းနည်းသလိုလို ဖြစ်မိ ..။
အမှားလုပ်တဲ့ လူတစ်ယောက်ဆီက တောင်းပန် စကားကို ချက်ချင်း ကြားရဖို့ဆိုတာ မလွယ်လှဘူး။ သွေးအေးသွားတဲ့ အချိန်ကျမှပဲ စိတ်အေးအေးနဲ့ တောင်းပန်နိုင်ကြတာ သဘာဝပဲ။ သူလည်း စိတ်အေးသွားပြီ ထင်ပါတယ်။ ကျနော် သူ့ မျက်နှာကို သေချာ ကြည့်လိုက်တော့ ခေါင်းလေး ငုံ့သွားရှာ တယ်။ မျက်လုံးချင်း ဆိုင်ဖို့ သူ့အတွက် ဒီလောက်တောင် ခက်ခဲနေပြီလား …။ ကျနော် စိတ်မကောင်းဘူး..။
နောက်တော့ပြန်မော့လာပြီး ကျနော့်ကို မေးတယ်။
“နင် ခုထိ တစ်ယောက်တည်းပဲလား …”
အဖြေက ရှိပြီးသား၊ ဒါပေမယ့် ကျနော် မဖြေချင်တာတော့ အမှန်ပဲ၊ သူသိသွားမှာ ပိုလို့တောင် မလိုလားဘူး။ ခုနက ခေါင်းငုံ့သွားတဲ့ သူက ၊ ဒီမေးခွန်းနဲ့ကျမှ ကျနော့ မျက်နှာကို တည့်တည့် ပြန်ကြည့်တယ်။
“အင်း … လွန်ခဲ့တဲ့ ၄ နှစ် ကတည်းက ဆိုပါတော့”
ကျနော့် အဖြေကြောင့် သူ့မျက်နှာ နည်းနည်း ပျက်သွားတယ်။
“ဘာလို့လဲဟာ .. နင် .. ဘာလို့ အဲ့လောက်တောင် …”
တစ်ဆက်တည်း ဆိုသလို မပြည့်စုံသေးတဲ့ ဝါကျတစ်ခု အနေနဲ့ စကားလုံးတွေက ရပ်သွားတယ်။ သူ့ မျက်ဝန်းတွေ ထဲမှာလည်း ကျနော့ကို နားမလည်နိုင် ဖြစ်နေတယ်။ ခုံကို မှီထားရာကနေ ကျောကို ဆန့်ဆန့် ပြန်ထိုင်ပြီး ရှေ့ကို ရသလောက် တိုးလာတယ်။ ကျနော်ကလည်း အရင်တုန်းကလို မဟုတ်တော့ဘူးလေ၊ အရိပ်ပြရင် အကောင်မြင်နေပါပြီ။
“ငါမှားတယ်လို့ နင်ပြောချင်တာလား?”
ကျနော့် မေးခွန်းကြောင့် သူခေါင်းလေး ပြန်ငုံ့သွားရှာတယ်။ နောက်တော့ ပြန်မော့လာပြီး
“ဒီလိုကြီးတော့ မနေသင့်ဘူးလေဟာ ..”
ကျနော် ပြုံးမိတယ်။ စိတ်ထဲကတော့ ဟုတ်ပါတယ်လေလို့ ပြောမိတယ်။
“မှားတာတွေ မှန်တာတွေ မသိဘူးဟာ .. ယုံကြည်ရာကိုပဲ ကိုးကွယ်တယ်ဆိုတာ နင်သိသားနဲ့”
သူ ပိုပြီး ကျနော့ကို နားမလည်နိုင် ဖြစ်သွားဟန် တူပါတယ်။ အစက မျက်လုံးချင်း ဆုံဖို့ မဝံ့မရဲ ဖြစ်နေတဲ့သူက တဖြည်းဖြည်း ကျနော့ မျက်နှာကို သေချာ စိုက်ကြည့်လာတယ်။ သူ့ မျက်ဝန်း ထောင့်စွန်းမှာလည်း ….။
ကျနော်လည်း နာရီကို အကြည့် ပြလိုက်ပြီး တစ်စုံ တစ်ယောက်နဲ့ ချိန်းထားတဲ့ ပုံစံ ….။
“ငါသွားတော့မယ် … ချိန်းထားတာ ရှိလို့”
ကြာကြာထိုင်နေရင် အဟောင်းတွေကနေ အသစ်ပြန်ဖြစ် ကုန်လိမ့်မယ်။ သူမရှိလည်း နေတတ်ခဲ့တာ ကြာနေပြီလေ။ လွန်ခဲ့တဲ့ (၄) နှစ်က သူ ကျနော့ကို ဒီဆိုင်လေးမှာ လမ်းခွဲစကား ပြောခဲ့တယ်။ အခုတော့ ကျနော် သူ့ကို ပြန် နှုတ်ဆက်ခဲ့ပြီ။
သူနဲ့ လမ်းခွဲပြီးကတည်းက ခုထိ ကျနော် တစ်ယောက်တည်း ရှိနေသေးတယ် ဆိုတာကို ပြောပြခဲ့ပေမယ့် ဒီ လေးနှစ်အတွင်း Crush အားလုံးက ချိန်လိုက်ရုံနဲ့ ပါသွားတဲ့ အကြောင်း ကိုတော့ ကျနော် မပြောပြခဲ့ဘူး။
ကျနော် … ကျေနပ်ပါတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments