လပြည့်ည အလွမ်း

Illustration of Moon Showing during Sunset
အဆုံးသတ်အတွက် နှစ်ဦး သဘောတူချင်တယ်တဲ့
နှစ်ယောက် အတူ လျှောက်မှ ဖြစ်တဲ့ လမ်းမှာ
ဆုံးဖြတ်ပြီးသွားတဲ့ လူတစ်ယောက်ကို
သဘောမတူဘူးလို့ ပြောရင်ရော ဘာတွေများ ထူးခြားလာဦးမှာလဲ။
စဉ်းစားချိန်လည်း မရခဲ့သလို ရွေးချယ်ခွင့်လည်း မရှိခဲ့ပါဘူး။

ကျောခိုင်းသွားတဲ့ လူတစ်ယောက်
မြင်ကွင်းထဲက တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။
နောက်တစ်ကြိမ် ပြန်ဆုံပါစေတော့ ဆိုပြီး
နှုတ်ဆက်သွားတာ မဟုတ်တော့လည်း
ဒါဟာ နောက်ဆုံး အချိန်လေး ဖြစ်သွားတာပေါ့။

အဝေးဆုံးကို သူ ရောက်သွားတဲ့အခါ
တစ်စုံတစ်ယောက်နဲ့တော့ နီးသွားဦးမှာပဲ။
တခြားတစ်ဖက်မှာ အနီးဆုံး ဆိုတဲ့အရာတွေ ရှိလာတဲ့အခါ
အဝေးဆုံးမှာ ကျန်ခဲ့တဲ့ လူတစ်ယောက်ကို သတိရပါဦးမလား။

ကိုယ်ကတော့ ထုံးစံအတိုင်း လပြည့်ညမှာ
ဝိုင်းစက်နေတဲ့ လမင်းကြီး ကြည့်မိနေတုန်းပဲ။
အပြည့်အဝ မဖြစ်တဲ့ လဆုတ်၊ လဆန်း ရက်တွေမှာလည်း
တစ်စိတ်၊ တစ်ခြမ်းနဲ့ ကိုယ့်အတွက် ပြည့်စုံနေတယ်။
လကွယ်ည ဆိုရင်လည်း တမ်းတမ်းတတမျှော်လင့်နေဆဲ။
ကိုယ်ဟာ ဘယ်တုန်းကမှ လမင်းကို မမေ့ခဲ့ဖူးဘူး။

အဆင်မပြေတဲ့ အချိန်မှာ သတိရမိတဲ့သူနဲ့
အဆင်ပြေတဲ့ အချိန်မှာ အမှတ်ရမိတဲ့သူ
တစ်ထပ်တည်း ကျနေသ၍တော့
ကိုယ် … လိပ်ပြာလုံတယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments