
ချောင်းကမ်းနာဖူးမှာ ပေါက်နေတဲ့ ကိုင်းပင်လေးတစ်ပင်ကို ကလေးတစ်ယောက်က ယူပြီး လက်နဲ့ … ပစ်လိုက်တယ်။ နောက်တစ်ယောက်လည်း ဘေးမှာ ရှိနေတယ်။
ချောင်းထဲကို မြှားတစ်စင်းလို လေဟုန်စီးပြီး ဆင်းသွားတဲ့ ကိုင်းပင်လေးကို ကြည့်ရင်း သူတို့ ပျော်နေကြတယ်။
ကိုင်းရွက်ဟာ .. နူးညံ့တယ် ထင်ရပေမယ့် ဘရိတ်ဓားလိုပဲ။ ကလေးတစ်ယောက်ကတော့ လက်ကို ခါးရမ်းနေတယ်။ (၂) စက္ကန့်စာလောက် ပျော်ရွှင်မှုအတွက် လက်မှာ သွေးစွန်းခံတယ်။
သူ့အတွက် နာကျင်မှုကို မသိတာလား …၊ နာကျင်မှုကို မေ့ထားတာလား။ မေးခွန်းတွေနဲ့ တွေဝေနေတုန်းရှိသေးတယ်။ နောက်ထပ် ကိုင်းပင် တစ်ပင်ကို ယူပြီး ထပ်ပစ်လိုက်တယ်။ ပြီးတော့ လက်ကို … နှုတ်ခမ်းနားကပ်ပီး လေနဲ့ မှုတ်နေတယ်။
ပျော်ရွှင်မှုက … လက်ထဲကနေ လွတ်ထွက်သွားပြီး နာကျင်မှုက … လက်ထဲမှာ ကျန်နေခဲ့တယ်။
ဆုံးရှုံးမှု များနေတဲ့ ဘဝက စွန့်လွှတ်ဖို့… သတ္တိရှိသလို ဆုံးရှုံးစရာမရှိတဲ့ လူတစ်ယောက်ကလည်း စွန့်စားဖို့ သတ္တိ အရှိဆုံးပဲ …။
သူများ အတွက် ပျော်ရွှင်စရာ ဖန်တီးရင်း ကိုယ်ပါ .. ပျော်ရွှင်ရတဲ့ အခိုက်အတန့် ရှိသလို နှစ်ယောက်စလုံး ပျော်ရွှင်ဖို့အတွက် နာကျင်မှုနဲ့ လဲရတဲ့ လူတွေလည်း ရှိတယ်။
ပျော်ရွှင်မှုဆိုတဲ့ အရာက သိပ်ကို စွဲဆောင်မှု ရှိလွန်းတယ်။ အရင်းအနှီးကြီးတယ်။ တစ်ခါတလေ … စွန့်စားရတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments