
တစ်ခါတုန်းက မိန်းမ(၄) ယောက်ယူထားတဲ့ ကုန်သည်ကြီး တစ်ယောက်ရှိတယ်။
အဲ့ဒီထဲမှာ စတုတ္ထမြောက် မိန်းမကို အချစ်ဆုံပဲ။ သူက ချစ်စရာလည်း ကောင်းတာကိုး၊ ဒါ့ကြောင့်သူ့ကို အကောင်းဆုံး ဂရုစိုက်တယ်။ အကောင်းဆုံး အရာတွေပဲ ပေးတယ်။ အလှဆုံး ဖြစ်အောင်လည်း အမြဲ ပြင်ဆင်ထားတယ်။
တတိယမြောက် မိန်းမကိုလည်း သူ သိပ်ချစ်ပါတယ်။ အဲ့ဒီတစ်ယောက်ကို ဘော်ဒါ အပေါင်းအသင်းတွေရှေ့မှာ ထုတ်ကြွားလို့ ရတဲ့အတွက် သူအမြဲ ဂုဏ်ယူနေတယ်။ တခြားသူတွေဆီ ရောက်သွားမှာကိုလည်း သူကြောက်တယ်။ သဝန် အရမ်းတိုတယ်။
ဒုတိယမြောက် မိန်းမကိုလည်း သူ ချစ်ရှာပါတယ်။ အဲ့ဒီ တစ်ယောက်ကတော့ ကုန်သည်ကြီးအပေါ် ထောက်ထား ညှာတာတတ်တဲ့ သဘောထား ရှိတယ်။ ဒါ့ကြောင့် ကုန်သည်ကြီးရဲ့ ယုံကြည်မှုကိုလည်း ရတယ်။ ဘာပြဿာနာတွေပဲ ကြုံလာ ကြံုလာ ကုန်သည်ကြီးက ဒုတိယမြောက် မိန်းမဆီပဲ ရောက်လာတယ်။ ခက်ခဲတဲ့ အခြေအနေ အချိန်အခါတွေကနေ ရုန်းထွက် ဖြတ်ကျော်နိုင်အောင် သူက ကုန်သည်ကြီးကို အမြဲ ကူညီပေးနေတယ်လေ။
ပထမ မိန်းမကတော့ ကုန်သည်ကြီးအပေါ်မှာ သစ္စာ အရှိဆုံး တစ်ယောက်လို့ ပြောလို့ရတယ်။ သူက ကုန်သည်ကြီးရဲ့ ချမ်းသာ ကြွယ်ဝမှု၊ ပိုင်ဆိုင်မှု တွေကို ထိန်းသိမ်း ထားနိုင်အောင် အဓိက ကူညီပေးနေတဲ့သူ။ ဒါပေမယ့် ကုန်သည်ကြီး ကတော့ သူ့ကို မချစ်ရှာဘူး။ သတိတောင် မထားမိ၊ သူ(မ)ကတော့ ကုန်သည်ကြီးကို နှစ်နှစ်ခါခါ ချစ်ရှာတယ်။
တစ်ရက်ကျ ကုန်သည်ကြီး နေမကောင်း ဖြစ်တယ်။ နောက် တဖြည်းဖြည်း ရက်ကြာလာတော့ သူ သေရတော့မယ် ဆိုတာကို ကုန်သည်ကြီး သိသွားတယ်။ ဒီအချိန်မှာ သူရဲ့ ကြွယ်ဝ ချမ်းသာတဲ့ ဘဝအကြောင်း စဉ်းစားမိတယ်။ သူ့မှာ မိန်းမ ၄ ယောက် ရှိပေမယ့် သူသေရင်တော့ တစ်ယောက်တည်း ဖြစ်နေတယ် ဆိုတာကိုပါ တွေးမိပြီး စိတ်မသက်မသာ ဖြစ်နေတယ်။
ဒီတော့ သူရဲ့ အချစ်ဆုံး စတုတ္ထမြောက် မိန်းမကို ခေါ်လိုက်တယ်။ မင်းက ငါ့အချစ်ဆုံး၊ မင်းကို အဝတ်အစားဆိုလည်း အကောင်းစား၊ ဂရုစိုက်မှုဆိုလည်း လိုလေသေးမရှိ ဖြည့်ဆည်း ပေးခဲ့တယ်။ မကြာခင် ငါ သေရတော့မယ်။ ဒီတော့ မင်း ငါနဲ့ လိုက်ခဲ့နိုင်မလား လို့ မေးလိုက်တယ်။ စတုတ္ထမြောက် မိန်းမက သူ လိုက်လို့ မရဘူးလို့ ပြန်ဖြေခဲ့တယ်။ သူ့အဖြေက ဓားထက်ထက်နဲ့ ကုန်သည်ကြီးရဲ့ အသည်းကို ဖြတ်လိုက်သလိုပဲ။
ဒီတော့ တတိယမြောက် မိန်းမကို ခေါ်လိုက်တယ်။ ခုနက မေးခဲ့သလိုပဲ မေးလိုက်တယ်။ တတိယမြောက် မိန်းမက ချက်ချင်းပဲ ဒီဘဝက သိပ်ပျော်ဖို့ ကောင်းနေတဲ့အတွက် ကုန်သည်ကြီး သေသွားရင်လည်း နောက်တစ်ယောက်နဲ့ ထပ်ပြီး လက်ထပ်ဦးမှာလို့ ဖြေတယ်။ ဒါ့ကြောင့် မလိုက်နိုင်ဘူး ပြတ်ပြတ်သားသားပဲ ငြင်းတယ်။
ကုန်သည်ကြီး စိတ်မလျှော့သေးပါဘူး။
ဒုတိယမြောက် မိန်းမကို ခေါ်လိုက်တယ်။ ငါအမြဲတမ်း မင်းဆီက အကူအညီတွေ ယူခဲ့တယ်။ မင်းလည်း ငါ့ကို အမြဲ ကူညီ ပေးခဲ့တယ်။ အခု ငါ မင်း အကူအညီ လိုနေပြန်ပြီ ..၊ ငါ သေရင် မင်း ငါနဲ့ လိုက်ခဲ့မလားလို့ မေးလိုက်တယ်။ ဒုတိယမြောက် မိန်းမကလည်း ချက်ချင်းပဲ အဖြေပေးလိုက်တယ်။ ဒီတစ်ကြိမ်တော့ မကူညီနိုင်ဘူး … အလွန်ဆုံး ကုန်သည်ကြီးရဲ့ နာရေးကို လိုက်ပို့ပေးရုံပဲ တတ်နိုင်မယ် တဲ့။
ဒုတိယ မြောက် မိန်းမရဲ့ အဖြေက ကုန်သည်ကြီးကို စိတ်အတော် ထိခိုက်သွားစေတယ်။
"ကျမ ရှင်နဲ့ အတူ လိုက်မယ်၊ ရှင် ဘယ်သွားသွား .. အရေးမကြီးဘူး"
ရုတ်တရက် အသံ တစ်သံ ထွက်လာခဲ့တယ်။ အသံရဲ့ လားရာကို ကြည့်လိုက်တော့ သူ့ရဲ့ ပထမ မိန်းမ ဖြစ်နေတယ်။ သူ(မ) ပုံစံက အဟာရ ချို့တဲ့ သလို သိပ်တော့ ကျန်းမာတဲ့ ပုံ မဟုတ်ဘူး။
"ငါ တတ်နိုင်တဲ့ အချိန်တုန်းက မင်းကို ဒီထက်ပိုပြီး ဂရုစိုက်ခဲ့သင့်တယ်"
ကုန်သည်ကြီးလည်း ဒီလိုလေး ပြောပြီး နှုတ်ဆက်သွားတော့တယ်။ ပုံပြင်လေးကတော့ ဒါပါပဲ။.
-
-
စတုတ္ထမြောက် မိန်းမက ကုန်သည်ကြီးရဲ့ ခန္ဓာကို ကိုယ်စားပြုတယ်။
တတိယမြောက် မိန်းမက ချမ်းသာ ကြွယ်ဝမှုတွေကို ကိုယ်စားပြုတယ်။
ဒုတိယမြောက် မိန်းမက မိသားစု၊ သူငယ်ချင်းတွေကို ကိုယ်စားပြုတယ်။
ပထမမိန်းမကတော့ စိတ်ဝိဉာဏ်ကို ကိုယ်စားပြုတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
Ref:Four Wives
0 Comments