
"လမ်းခွဲရအောင် .."
ဒီစကားက ကျနော့ကို တော်တော်လေး ပြာယာခက်သွားစေတယ်။
ဆယ်ကျော်သက်အရွယ်၊ ရင်ခုန်တတ်ခါစ အချိန်၊ သူ့မျက်နှာလေး မြင်နေရရင်ကို တော်တော် ပျော်ဖို့ ကောင်းနေခဲ့တဲ့ ကာလ..။
နှစ်ယောက်အတူ ကိုယ်ယုံကြည်ရာ .. ကိုယ်ရွေး၊ ကိုယ် လှမ်းချင်တဲ့ လမ်းကို ကိုယ်လျှောက်၊ ဘဝတစ်ခု အတူ တည်ဆောက်ကြမယ်။
နှစ်ယောက်စလုံးရဲ့ ရည်ရွယ်ချက်တွေ တကယ်ကို ရိုးသားခဲ့ကြတယ်။
ဘယ်တုန်းကမှ မပြောကြည့်ဖူးတဲ့ စကားတစ်ခွန်းကို ဘယ်တုန်းကမှ ပြောလိမ့်မယ်လို့ မထင်ထားတဲ့ သူဆီက ထွက်လာခဲ့ပါပြီ။
"ဘာဖြစ်လို့လဲ?"
သူ နည်းနည်း ပြုံးသွားတယ်။ ပြီးတော့ လမ်းမပေါ်ကို တစ်ချက် ကြည့်တယ်။
"မင်း တကယ် သိချင်လို့လား .. အငြင်းအခုန်လုပ်ဖို့လား"
လူဆိုတာ ကိုယ့်အမှားကို သိဖို့ သိပ်တော့ မလွယ်ဘူး မဟုတ်လား။ အကြောင်းပြချက်ကို ကျနော် တကယ် သိချင်ရဲ့လား ..၊ တကယ်တော့ သူ သေသေချာချာ စဉ်းစားခဲ့ပြီးမှ ဒီလို ပြောခဲ့တာပဲ ဖြစ်လိမ့်မယ်။
သူ .. မှန်မှာပါ။ သူ့ကို ယုံတယ်။ ကျနော် တော့ မမှားချင်ဘူး။
"မသိချင်တော့ပါဘူး …"
ကောင်ကင်းကြီး ပြိုကျသလို၊ ကမ္ဘာကြီး ပျက်တော့မလို ဖြစ်နေတဲ့ အချိန်မှာ သူ့ဆီက အကြောင်းပြချက်ကို မေးပြီး စိတ်ဝိဉာဏ်ကို ထပ်ပြီး အကျဉ်းချရလောက်အောင် ကျနော် မစွန့်စားရဲဘူး။
သူက စိတ်မကောင်း ဖြစ်နေတဲ့ ပုံကို ထုတ်မပြခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက် မျက်ရည်ဝဲစေနိုင်တဲ့ စကားမျိုးကို တည်တည်ငြိမ်ငြိမ် ပြောနိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်ဘူး မဟုတ်လား။
အချိန် အနည်းငယ်လောက် တိတ်ဆိတ်သွားတယ်။ ပြောချင်တဲ့ စကားတွေတော့ အပြည့်ပါပဲ ..၊ ဒါပေမယ့် ထွက်မလာ ခဲ့တော့ဘူး။
သူ(မ)က ကျနော့ကို နှုတ်ဆက်တဲ့ အမူအရာ တစ်ခု ပြတယ်။ ပြီးတော့ တည်တည် ငြိမ်ငြိမ်နဲ့ ထွက်သွားခဲ့တယ်။ လုံးဝ တုံ့ဆိုင်း မနေခဲ့ဘူး။
တကယ်တော့ ကျနော် တရားခံ မဖြစ်ချင်တာလည်း ပါမှာပေါ့။ သူလည်း တရားခံ မဖြစ်ခဲ့ပါဘူး။
ဆိုင်ထဲမှာ ကျနော် တစ်ယောက်တည်း ကျန်နေခဲ့တယ်။ ရှေ့မှာတော့ ကော်ဖီလေး တစ်ခွက် ..။ ဆိုင်ရှင် ဦးလေးကြီးက ထူးအိမ်သင် သီချင်းလေး ခပ်တိုးတိုး ဖွင့်ထားသေးတယ်။
📀📀📀
"ကိုယ် လွမ်း တတ် မှန်း သိ လျက် နဲ့ .. မင်း ထား ခဲ့ … ဒါ ဘာ ကြောင့် မှန်း တွေး မရ ပါ လား "
📀📀📀
အကြောင်းပြချက် တသီကြီးနဲ့ အပြန်အလှန် အပြစ်တွေ ဖို့နေမယ့် အစား၊ အကြောင်းပြချက်မရှိ .. ပြတ်စဲမှု တစ်ခု၊ ဒါဟာ အများကြီး နူးညံ့တယ် မဟုတ်လား။
နာရီပေါ်က နံပါတ်လေးတွေကတော့ ညနေ ၄ နာရီ ၄၃ မိနစ်လို့ ပြနေတယ်။
မိုးတွေရွာတဲ့ သြဂုတ်လရဲ့ ညနေစောင်း တစ်ခုမှာပေါ့။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments