Happy Friday!

Black Outdoor Pedestal Lamp Near Coaster Train Rail
Happy Friday! ဆိုပြီး sms ပို့တတ်တဲ့ ကောင်မလေး တစ်ယောက် အကြောင်း သောကြာနေ့ ရောက်တိုင်း တွေးမိနေတုန်းပဲ။

အစားတစ်လိုင်းလို့ ပြောရင် ကြိုက်တယ်။ ၀လာတယ်လို့ ပြောရင် စိတ်ဆိုးတယ်။

ဘုရားနားက မင်းသိပ်ကြိုက်တဲ့ အကြော်သုပ် ဆိုင်လေးကိုတော့ ရူးကြောင်ကြောင် မျှော်လင့်ချက်ကလေးနဲ့ ရောက်ခဲ့သေးတယ်။ အရင်လို ဆိုင်လေးက ရောင်းကောင်းနေတုန်းပဲ။

အစပ် သိပ်မစားတတ်မှန်း သိလျက်နဲ့ အစပ်တွေစားခိုင်းတဲ့ မင်းကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ဖူးဘူး။ မင်းက သကြားလုံးလေးတွေ အဆင်သင့် ယူလာပေးတယ်လေ။

သောကြာနေ့ဆို အစားတွေ စုံအောင် လိုက်စားတယ်။ စနေ၊ တနင်္ဂနွေဆို ဘုရားတွေ စုံအောင် လိုက်ဖူးတယ်။ ရေလှူပြီး ပန်းကပ်တဲ့ အချိန်တွေ အကြောင်းစဉ်းစားရင် နေ့တာ တိုပြီး ညတာတွေ ရှည်လာလိမ့်မယ်။ မင်းရဲ့ ဆုတောင်းတွေ အကြောင်း မသိခဲ့ပေမယ့် ငါ့ရဲ့ ဆုတောင်းတွေကတော့ တကယ် မပြည့်ခဲ့ဘူးဟာ..။

သောကြာနေ့မှာ ပျော်စရာတွေရှိခဲ့သလို သောကြာနေ့မှာ မသေချာတာတွေလည်း ရှိခဲ့တယ်။

"နင် .. ငါ့ကိုပြောချင်တာ တစ်ခုခုရှိလား"

နင်မေးတော့ … ငါ စဉ်းစားမိပါသေးတယ်။ အတွေးတွေ လွန်ခဲ့တယ်ပဲ ဆိုရမလား။ အမှန်တိုင်း ဖွင့်ဟ ဝန်ခံဖို့ အချိန်တွေရှိခဲ့ပေမယ့် ဖြစ်တည်နေတဲ့ ပျော်ရွှင်မှုကို အထိအခိုက် မခံချင်ခဲ့ဘူး။ ကောင်လေး တစ်ယောက် သတ္တိမရှိခဲ့တဲ့ အကြောင်းပြောရတာ ရှက်စရာတော့ ကောင်းတယ်။

Happy Friday ဆိုတဲ့ SMS တွေဟာ အကန့်အသက်ရှိခဲ့သလို မုန့်စားဖို့ ခေါ်တဲ့ Call တွေမှာလည်း အရေအတွက်တွေရှိခဲ့တယ်။

တစ်လမှာ လေးကြိမ်လောက် ပြန်ပြန်ရောက်နေတဲ့ သောကြာနေ့ ညနေခင်းလေးတွေမှာလည်း အရင်လို မင်း ရောက်မလာတော့ဘူး။

သောကြာနေ့ည ရောက်တိုင်း ကောင်ကင်းကို မော့ကြည့်တယ်။ ကြယ်ကြွေတဲ့ ညတွေဆို ဆုတောင်းတယ်။

ငါတို့ မချစ်ခဲ့ကြပါစေနဲ့ …..။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments