
လယ်ကွင်းထဲမှာ ဗျိုင်းလေးတစ်ကောင် အစာကောက်နေတယ်။
စူးစမ်းလိုစိတ်နဲ့ … အနားကို သွားကြည့်မိတဲ့အခါ
ဒါဟာ .. သိပ်ကိုမှားသွားပါတယ်။
အရာအားလုံး အကောင်းပကတိ ဖြစ်နေခဲ့ပြီး
ခြေတစ်လှမ်း ကျွံဝင်သွားတဲ့အခါမှ
မြင်ကွင်းတစ်ခုလုံးရဲ့ အလှက ပျက်စီးသွားတယ်။
ဗျိုင်းလေးကို ကျနော်က ရိုးသားတဲ့ အကြောင်းပြောရင်
ကျနော့်လိုပဲ ရိုးသားတယ်လို့ ထင်ခဲ့မိတဲ့ လူတွေအကြောင်း
ပြန်ပြောပြလိမ့်မယ် ထင်တယ်။
ဗျိုင်းလေးကို အနားကနေ ကြည့်ချင်တဲ့ အကြောင်းပြောရင်
ကျနော့လိုပဲ အနားကို လာကြည့်ခဲ့တဲ့ လူတွေအကြောင်း
ပြန်ပြောပြလိမ့်မယ် ထင်တယ်။
လယ်ကွင်းထဲမှာ အစာကောက်နေတဲ့ ဗျိုင်းလေးကို မြင်ရတဲ့အခါ
ငေးကြည့်နေရုံနဲ့ ပြည့်စုံနေတယ်ဆိုတာ တကယ်ရှိပါလားပေါ့။
သူသာ ဗျိုင်းလေး တစ်ကောင် ဖြစ်ခဲ့မယ်ဆိုရင် ..
ကျနော်က ကျွဲကျောင်းနေတဲ့ ကလေး တစ်ယောက်ပေါ့
နောက်ပြန်လှည့်မရတော့တဲ့ အမှားတွေဟာ
ကိုယ့်ရဲ့ ရွေးချယ်မှုကြောင့် ဖြစ်လာတာမျိုး
ဘယ်သူက လိုချင်မလဲ။
ဒီတော့ နောင်တရစရာမရှိတဲ့ … လမ်းကိုပဲ ရွေးလိုက်တယ်။
သူက … အမြင့်ကို ပျံတက်သွားတဲ့အခါ
ကျနော်ကတော့ … ကျန်နေခဲ့ဦးမှာပဲ …။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments