Night Message

Street Night
အမှတ်တရလေးတွေကို နှစ်သက်တတ်သူမို့ စာမှတ်တမ်းလေးတွေ ရေးမှတ်ပြီး ချန် ထားတတ်တဲ့ အကျင့် ရှိတယ်။

Night Message ဆိုတဲ့ ဖိုင် အဟောင်းလေး တစ်ခု… ပြန်ဖတ်မိတယ်။

တစ်စုံတစ်ယောက်ကို ပို့ပေးခဲ့ဖူးတဲ့ စာအရှည်ကြီးတွေ …။ နေ့စွဲလေးတွေနဲ့ပေါ့။

ညတိုင်းလိုလို တစ်ယောက်နဲ့ တစ်ယောက် ပြောချင်တဲ့ အကြောင်းအရာ၊ မှာချင်တဲ့ စကားလေးတွေကို Night Message လို့ ခေါင်းစဉ်ထား Date လေးတပ် စာအရှည်ကြီးတွေ ရေးပြီး အပြန်အလှန် ပို့ပေးခဲ့ကြတယ်။ လိမ်လိမ်မာမာနေ စာလုပ်၊ ကျန်းမာရေး ဂရုစိုက် နွေးနွေးထွေးထွေးနေ .. စသဖြင့် တစ်နေ့တစ်မျိုး မရိုးအောင်ကို ရေးခဲ့ကြတယ်။ စာတိုလေးတွေထက် … စာအရှည်ကြီးတွေ ရေးရတာကို နှစ်သက်ခဲ့တယ်။

စာတိုက်ကနေ ပို့တဲ့ ပုံစံမျိုးပဲ စာရွက်နဲ့တော့ မဟုတ်ဘူးပေါ့။ နှစ်တွေ ဘယ်လောက်ကြာကြာ Note ထဲမှာ ရှိနေဆဲ ။ ပြန်ဖတ်မိတော့ လွမ်းစရာလေးတွေ ဖြစ်လာတယ်။

တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် ရှိနေဖို့ ဖုန်းကိုပဲ အားကိုးရတယ်။ အဲ့ဒီတုန်းက Video call က တော်တော်လေး အဆင်မပြေဘူး။ Messenger Voice Call က အခုလို ပြောလို့ မကောင်းသေးဘူး။ Mobile Internet တွေ နှေးနေဆဲ ကာလပေါ့။

စာလေးတွေပို့ ဖုန်းလေးတွေပြော … ဒီလိုနဲ့ အလွမ်းသယ်ရတယ်။

ညဘက် ဖုန်းပြောတဲ့အခါ … ပြုတင်းပေါက်နား သွားပြီး လမင်းကြီးကို ကြည့်ဖို့ သူ့ကို ပြောရတယ်။ သူနဲ့ ဖုန်းပြောတိုင်း ကျနော်ကလည်း လမင်းကြီးကို ကြည့်တယ်။ ကျနော့ အနားမှာ သူ.. ရှိနေသလိုပဲ ကြားထဲက အကွာအဝေးတွေ ပျောက်သွားသလို ခံစားရလို့…။

တစ်ယောက်နဲ့ တစ်ယောက် မိုင်တွေ အများကြီး ဝေးနေပေမယ့် ကျနော် ကြည့်နေတဲ့ လမင်းကြီးကို သူလည်း ကြည့်နေတယ် ဆိုတဲ့ အသိနဲ့ ဖုန်းပြောရတာက သိပ်ကို ကြည်နူးဖို့ ကောင်းတယ်။

LDRS ဆိုတာ သိပ်ကို ထိလွယ် ရှလွယ်တဲ့ ပတ်သက်ဆက်နွယ်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ အရာအားလုံး ပြီးဆုံး သွာတာ နှစ်တွေ ကြာခဲ့ပါပြီ။ သူ့ ဘဝရဲ့ အချိန်တစ်ခုမှာ စိတ်ကူးယဉ်ဆန်တဲ့ ကောင်လေး တစ်ယောက်နဲ့ ရှိခဲ့ဖူးတဲ့ အကြောင်း တွေးမိပါဦးမလား။

အမှတ်တရတွေကို သိမ်းထားတတ်တဲ့ ကျနော်ကတော့ အားလုံးကို အတိအကျ မှတ်မိ နေတတ်တယ်။ အခုလည်း ရေးခဲ့ဖူးတဲ့ Night Message လေးတွေကို ပြန်ဖတ်ရင်း ကိုယ်ဟာ သိပ်ကို ကဗျာဆန်ခဲ့ပါလားလို့ … ပြုံးနေမိတယ်။ ကြည်နူးစရာတော့ ကောင်းသား …။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments