
ကျနော်တို့ မြို့က လက်ဖက်ရည် ဆိုင်ကြီး တစ်ဆိုင်မှာပေါ့။ ရှမ်းခေါက်ဆွဲ မှာထားတာ နည်းနည်း ကြာသွားတယ်။ ကြာတယ်ဆိုပေမယ့် ကျနော်ကလည်း ဘာမှမပြောပါဘူး။ Facebook ကြည့်၊ ရေနွေးသောက်၊ အချိန် ကြာလာတော့ ဆိုင်ရှင် ဦးကြီးက သတိထား မိတာပေါ့။ ညီလေး မှာထားတာ ကြာပြီလား .. လာမေးတော့ ဟုတ်လို့ ပဲ ဖြေလိုက်မိတယ်။ စားဖိုဆောင်မှာ ပွဲကြမ်းတာ ကျနော် ကြားနေရတယ်။
“မင်းတို့ကောင်တွေကွာ ရှမ်းခေါက်ဆွဲ တစ်ပွဲ မှာထားတာ ကြာလှရှိနေပြီ …၊ ငါလို ကောင်မျိုးဆို မစားတော့ဘူး ထပြန်ပြီ”
သူပြောကာမှ ကိုယ်က အတော် ငတ်နေတဲ့ ပုံပေါက်ကော ..၊ ထပဲ ပြန်ရတော့မလိုလို၊ ဆိုင်ထဲက သူတွေပါ ကိုယ့်ကို ကြည့်ပြီး ပြုံးစိ ပြုံးစိ ဖြစ်ကုန်တယ်။ :D
ထားပါလေ …၊ ပြောချင်တာက လက်ဖက်ရည်ဆိုင် ထိုင်တယ် ဆိုပါစို့၊ စာပွဲထိုးလေးတွေကို ခေါ်လို့ လွယ်လား၊ မလွယ်ဘူးလား။ မှာတဲ့အခါမှာရော ကြာလား မကြာဘူးလား၊ အဲ့ဒါတွေက အရသာကို မသိခင်မှာတင် ပထမဆုံး ကြုံရတဲ့ အတွေ့အကြုံတွေ ဖြစ်လို့ တော်တော်လေး သိသာတယ်ဗျ။ တစ်ခုခုမှာလို့ အရမ်းကြာတဲ့ ဆိုင်မျိုးဆို နောက်တစ်ခါ ရှောင်ချင်လာတယ်။
ပစ္စည်းတွေ ဘာတွေ မှာတဲ့အခါမှာ ဈေးနည်းနည်း ကြီးတယ် ဆိုပေမယ့် စောစော ရမယ်ဆိုရင် မြန်တဲ့ အရာကိုပဲ ရွေးချယ် တတ်ကြတယ်။ အရာအားလုံး မြန်နေတဲ့ ခေတ်ကြီးထဲမှာ ဈေးတော်တာထက် လျင်မြန်မှုကို ပိုပြီး နှစ်သက်လာကြတယ်။
လူတွေဟာ စောင့်နေရတာကို ငြီးငွေ့လာကြတယ်။ ဘာလုပ်လို့ ရနိုင်မလဲ ဆိုတာကိုပဲ စဉ်းစားနေကြပြီ။ စီးပွာရေး လုပ်ငန်းတွေဆိုလည်း စာသုံးသူဘက်က စောင့်နေရတဲ့ အချိန်ကို နည်းနိုင်သမျှ နည်းအောင် အမျိုးမျိုး ကြိုးစား လာကြတယ်။
အဓိကကတော့ ကုန်ပစ္စည်းတွေပေါ်မှာ အချိန်ကို တန်ဖိုး တစ်ခုအနေနဲ့ ထပ်ပေါင်းထည့် သတ်မှတ်တာမျိုးကို လက်ခံလာနိုင်တယ်။ ကျနော်တို့ စိတ်ရှည်စွာ စောင့်နိုင်တဲ့ အရာတွေ ရှိတော့ ရှိပေမယ့် အများကြီး မရှိနိုင်တော့ဘူး။
မနက်ဖြန် ရောက်လာမယ့် အချိန်တွေကို ကြိုဝယ်လို့မရသလို၊ ပြီးခဲ့တဲ့ အချိန်တွေကိုလည်း ပြန်ဝယ်လို့ မရဘူး။ ဒါပေမယ့် လူတွေက သူတို့ စောင့်နေရတဲ့ အချိန်တွေကိုတော့ လျော့သွားအောင် ကြိုးစားလာကြတယ်။ ဒါကလည်း အချိန်ကို ဝယ်ယူခြင်း တစ်မျိုးပဲလား..၊
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments