
နှစ်ယောက်ကြားက အကွာအဝေးကို မိုင်တွေနဲ့ ချရေးလို့ရပေမယ့်
စိတ်တွေကြားက နေရာလွတ် အတွက် နံပါတ်တွေ မလောက်ခဲ့ဘူး။
ကွဲပြားခြားနားတဲ့ အခြေအနေတွေနဲ့ ရုန်းကန်လှုပ်ရှားနေရချိန်၊
လူနှစ်ယောက်အတွက် အပူချိန်တွေလည်း တစ်ခုတည်း ရှိမနေခဲ့သလို
ပွင့်တဲ့ ပန်းတွေလည်း အမည်နာမ တူ မနေခဲ့ကြဘူး။
သူတို့မြို့မှာ အေးနေပြီလို့ ပြောတော့
ကိုယ်လည်း အနွေးထည်ထူထူ လိုက် ဝတ်ချင်မိတယ်။
ချယ်ရီတွေ ပွင့်နေပြီ ပြောတော့လည်း
ကိုယ်နဲ့နီးရာမှာ အဲ့ဒီပန်းတွေ ပွင့်စေချင်မိတယ်။
တကယ်ဆို ဒီနေ့ ခေတ်ကြီးကြောင့်သာ
မမြင်ရ မကြားရတဲ့ အထိ မဖြစ်ခဲ့ပေမယ့်
နှစ်ယောက် နီးဖို့ ကြိုးစားရင်း တဖြည်းဖြည် ဝေးလာခဲ့တယ်။
တိုးတက်မှုတွေကလည်း တည်မြဲဖို့အတွက်တော့
အထောက်အပံ့ မဖြစ်ခဲ့ပါဘူး။
အကယ်၍ အဆုံးသတ်မဲ့တဲ့ အရာတွေကိုသာ
အဓိပ္ပါယ်မရှိဘူးလို့ တွေးမယ်ဆိုရင်တော့
ကိုယ်တို့နှစ်ယောက် သဘာဝဆန်ခဲ့တယ်လို့ ပြောရမှာပေါ့ …။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments