
ချောက်ကမ်းပါး အစွန်းလို နေရာမျိုး ရောက်တဲ့အခါမှ
နောက်ပြန် လှည့်မသွားအောင် တားဆီးဖို့ ပေါ်လာတယ်။
အသည်းနှလုံးကလာတဲ့ ရူးရူးမိုက်မိုက် သတ္တိတွေပေါ့။
ကံပဲလေ .. ဘယ်တတ်နိုင်ပါ့မလဲ ဆိုတဲ့ အချိန်မျိုးဟာ
ရင်ခုန်စရာကောင်းတယ်လို့တော့ မထင်ဘူး။
မညီမျှခြင်းတစ်ခုကနေ ညီမျှခြင်းတစ်ခု အဖြစ် ပြောင်းလဲတဲ့အခါ
ပြည့်စုံမှုတွေကိုပဲ လိုအပ်ချက်တွေ အဖြစ် ဆွဲချရမှာလား၊
လိုအပ်ချက်တွေကိုပဲ ပြည့်စုံမှုတွေအဖြစ် ပြောင်းလဲရမှာလား၊
သိပ်ချစ်လွန်းလို့ဆိုတဲ့ အကြောင်းပြချက်က
လုံခြုံတယ်လို့ မခံစားရတော့တဲ့အခါ…၊
လွတ်လပ်တယ်လို့ မခံစားရတော့တဲ့အခါ …၊
ဘယ်လိုများ ဖြစ်နေလိမ့်မလဲ တွေးကြည့်မိတယ်။
မသေချာတဲ့ အရာတွေအတွက် ဘဝကို မရင်းစေချင်ဘူး။
ဘယ်လို ဖြစ်ဖြစ် ဆိုပြီး မျက်စိမှိတ်ထားတတ်ကြပေမယ့်
စွန့်စားတဲ့ လူတိုင်းမှာလည်း သူ့မျှော်လင့်ချက်နဲ့ သူ ရှိတယ်။
မျက်စိစုံမှိတ်ပြီး လိုက်ခဲ့ဖို့ မပြောချင်ဘူး။
လာခေါ်နိုင်မယ့် အချိန်တစ်ခုကိုပဲ စောင့်ပေးနိုင်မလား?
ဘာပဲဖြစ်ဖြစ် အဆုံးရှုံးမခံနိုင်ဘူး ဆိုတဲ့ လူတစ်ယောက်က
ဘယ်လောက် ချစ်ကြောင်း တခမ်းတနား လာပြောတဲ့အခါ
အခြေအနေမပေးလည်း အဆုံးရှုံးခံရဲတယ် ဆိုတဲ့ ကျနော်က
ဘယ်လို ချစ်ကြောင်း စိတ်မကောင်းစွာ ပြန်ပြောပြရမှာပေါ့။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments