
လွန်ခဲ့တဲ့ ၂ နှစ် ကျော်က လှည်းတန်းမှာ သင်တန်းတစ်ခု တက်နေတဲ့အချိန် ..။
ကျနော် ကားအရမ်း မူးတတ်တယ်။ အဲ့ဒီ အချိန်မှာ ကောင်မလေး တစ်ယောက်က Stugeron ဆေးကတ်ကို လာပေးတယ်။ သူ့မှာ လက်ကျန် မရှိတော့လို့ ဝယ်သောက်ကြည့်တဲ့။ သူ့ကိုကျေးဇူးတင်ကြောင်း ပြောပြီး ထွက်လာခဲ့တယ်။
ကျနော် သင်တန်းပြီးတဲ့ အချိန် ပဲခူးပြန်မယ့် မနက် လှည်းတန်း ဦးထွန်းလင်းခြံလမ်းထဲက “ရွှေ” မှာ မနက်စာ စားနေတုန်း သူနဲ့ ပြန်ဆုံတယ်။ သူလည်း တစ်ယောက်တည်း လာတာဆိုတော့ … ခေါ်ကြည့်တယ်။ သူ ပထမတော့ ရှက်သလိုလို ဖြစ်နေတယ်။ နောက်တော့ ရုပ်ခံလေးက ယုံရတဲ့ ပုံပေါက်နေခဲ့လို့ ထင်ပါတယ်။ သူ လာထိုင်တယ်။
အဲ့ဒီနေ့က ကျနော်တို့ မနက်စာ အတူ စားခဲ့ကြတယ်။ တခြား အကြောင်းတွေလည်း ပြောဖြစ်တယ်။ သူက အထက် မြန်မာပြည်က လာခဲ့တာ ..၊ ဂျပန်စကား လာသင်တာလို့ ပြောတယ်။
အညာသူမို့ အသားညိုတယ်။ ပြီးတော့ သိပ်ကို ဖော်ရွေတယ်။ ကူညီတတ်တယ်။ စကားပြော ပွင့်လင်းတယ်။ အစားအသောက် ဆိုလည်း ရန်ကုန်သူတွေလို လက်တစ်ဖဲ့စာ မုန့်ကို တစ်ဝက်လောက် ကျန်အောင် စားတာ မဟုတ်ဘူး။ အဝစားတာ … မိုက်တယ်။ ကိုယ်လည်း တောသားမို့ အညာသူ တစ်ယောက်နဲ့ ရန်ကုန် မြို့ကြီးမှာ ဆုံရတာ အားရှိတယ်။ အဲ့ဒီနေ့ နေ့လယ် လောက်မှာ ကျနော်လည်း ပဲခူးကို ပြန်လာခဲ့တယ်။
ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက် နာမည်တွေ မမေးခဲ့ကြဘူး။
တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်တွေ မပေးခဲ့ကြဘူး။
လွတ်လွတ်လပ်လပ်တော့ စကားတွေ ပြောခဲ့ကြတယ်။
အချိန်အကြာကြီး သိခဲ့ရတာ မဟုတ်ပေမယ့် ထူးခြားတဲ့ ပြောဟန်ကြောင့် နောက်တစ်ကြိမ် ပြန်တွေ့ရင်လည်း ကျနော် သူ့ကို မှတ်မိနေမှာ သေချာတယ်။ ပြီးတော့ အကူအညီပေးခဲ့တဲ့ လူတစ်ယောက်လည်း ဖြစ်နေတော့ ဘယ်မေ့ပါ့မလဲ။
တချို့သော တွေ့ဆုံမှုတွေဟာ စစချင်းမှာပဲ အဆုံးသတ် သွားတတ်တယ်။ ငြိမ်းချမ်းတယ်။ အမှတ်တရ အဖြစ် ကျန်ခဲ့တယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က လှည်းတန်းမှာ Stugeron ဆေးကတ် ပေးခဲ့တဲ့ ကောင်မလေး တစ်ယောက်အကြောင်း အခုထိ တွေးမိနေလို့ ဒီစာကိုရေးဖြစ်တယ်။ ကောင်မလေးကရော … သူနဲ့ မနက်စာ အတူစားခဲ့တဲ့ ကောင်လေး တစ်ယောက်အကြောင်း သတိရပါဦးမလား။
အခုချိန်လောက်ဆို … သူလည်း သူသွားချင်တဲ့ ဂျပန်ဆိုတဲ့ နိုင်ငံကြီးကို ရောက်နေလောက်ပြီ ထင်ပါတယ်လေ …။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments