လူနှစ်ယောက်၊ မြို့နှစ်မြို့

Bokeh Photography of Street
ဒီလို အောက်တိုဘာမှာပဲ ငါတို့ တွေ့ခဲ့ကြတယ်နော်။ ဒီလထဲ မင်းမွေးနေ့ ရှိတယ်။ ပျော်ရွှင်ပါစေလို့ပဲ အဝေးကနေ ဆုတောင်းပေးလိုက်တယ်။

မင်းတို့မြို့မှာ အေးနေပြီလား၊ ငါတို့မြို့မှာတော့ မိုးသား တိမ် ကင်းစင်ရုံပဲ ရှိသေးတယ်။ ကြယ်တွေကို မြင်နေရပြီ။ ပြီးတော့ မင်းကိုလည်း မြင်နေရတယ်။

ဖုန်းပြောတဲ့အခါ ကြယ်တွေကို ရေတွက် ခိုင်းတတ်တဲ့အကြောင်း တွေးမိတယ်။ မဖြစ်နိုင်ဘူးလို့ ပြောရင် မင်းက စိတ်ဆိုးသေးတယ်။ ဒီလိုနဲ့ မဖြစ်နိုင်တဲ့ အရာတွေအပေါ် ကျေနပ်နေတဲ့ အချိန်မှာ ဖြစ်နိုင်တဲ့ အရာတွေကို ငါကမေ့နေခဲ့တယ်။

စကားပြောရင် မပီဘူး။ ငါ့နာမည်ကို ခေါ်တဲ့အခါ သိုးသက် … လို့ ထွက်တယ်။ မပီဘူးလို့ ပြောတဲ့အခါ စိတ်ဆိုးတယ်။ သိုးသက်က ငါမဟုတ်ဘူးလို့ ပြောတဲ့အခါ ဟွန့် … တဲ့။ ဘယ်လိုပဲ ပြောပြော ငါကတော့ စိတ်ထဲမှာ တကယ် နှစ်သက်ခဲ့ပါတယ်။ ဒီလိုနဲ့ မင်းလည်း ငါမဟုတ်တဲ့ တခြား နာမည် တလွဲတွေ ခေါ်တတ်သွားတယ် ထင်ပါတယ်လေ။ အခုထိ စကားမပီတဲ့ ကောင်မလေး အသံကြားရင် မင်းအမှတ်နဲ့ လှည့်ကြည့်မိနေတုန်းပဲ။

Good Night လို့ မပြောရင် မအိပ်ဘူးတဲ့။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုးနေတဲ့ ညတွေမှာတောင် အိပ်ရေးပျက်ရင် နေမကောင်းဖြစ်တတ်တဲ့ မင်းက ညည့်နက်တဲ့အထိ အကောင့်လေး မီးစိမ်းနေတယ်။ ငါ့အကျင့်က လူတစ်ယောက် ငါ့ကြောင့် ပျော်သွားရဲ့လား သေချာမတွေးပေမယ့် ဝမ်းနည်းသွားမလား ဆိုပြီးတော့ အရမ်း တွေးမိတတ်တယ်။ Good Night မပို့သေးလို့ မအိပ်သေးတာလားပေါ့။ ဒီလိုနဲ့ လက်နက်ချခဲ့ရတဲ့ ညတွေ မနည်းဘူး။

သေးသေးမွှားမွှား ကအစ တွေးတွေးပြီး စိတ်မကောင်း ဖြစ်တတ်တယ်။ ကိုယ့်ခံစားချက်ကို ထုတ်ပြတတ်တယ်။ သနားတတ်တယ်။ ဒါတွေဟာ အားနည်ချက်တွေ ဖြစ်ခဲ့လားတော့ မသိ။

လူကဲခတ် ညံ့ဖျင်းမှုတစ်ခုက ကလေးဆန်တယ်လို့ မင်းကို ထင်ခဲ့မိတာ။ တကယ်တော့ ငါက ကလေးအတွေးနဲ့ ကမ္ဘာတစ်ခု ဖန်တီးခဲ့မိတာ ..။

သိမ်မွေ့နူးညံ့မှုတွေကို ကြောက်စရာကောင်းတယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့တာတော့ အမှန်ပဲ။ အသိနောက်ကျခြင်းရဲ့ နောက်ကွယ်မှာ သနားစရာ အကောင်းဆုံးလူက သနားတတ်တဲ့ ငါပဲ ဖြစ်နေခဲ့တယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments