
လက်ညိုးညွှန်ရာ ရေ မဖြစ်တဲ့ ဘဝဆိုပေမယ့်
ဘဝင် နည်းနည်း မြင့်နေတဲ့ ငတိက
အနာဂတ်မှာ အတူဆုံစည်းနိုင်ဖို့ ခေါင်းစဉ်တပ်ပြီး
ရည်ရွယ်ချက်တွေနဲ့ လွမ်းချင်ခဲ့တယ်။
လမ်းဆုံးရင် ရွာ တွေ့မယ်။
ပန်းတိုင်ရှိတဲ့လမ်း .. ဘယ်သူမဆို လျှောက်ချင်မှာပဲ။
တဝဲလည်လည်ထဲမှာ လျှောက်နေတဲ့ လူတွေက
သူရဲကောင်းတွေလား ..၊ အရူးတွေလား .. ၊
ရူးနေတဲ့ သူရဲကောင်းတွေလည်း ဖြစ်နိုင်တယ်။
အလွမ်းတွေကို ချိုမြိန်ချင်ခဲ့တဲ့
လူတစ်ယောက် ဆိုလည်း ဟုတ်တယ်။
ဘယ်တုန်းကမှ မဝေးချင်ခဲ့တဲ့
လူတစ်ယောက်ဆိုလည်း ဟုတ်တယ်။
ခါးသက်သက်နဲ့ ဘယ်တော့မှ ပြန်မလာမယ့် သူကို လွမ်းနေတဲ့
လူတစ်ယောက်ဆိုလည်း ဟုတ်နေပြန်တယ်။
တချို့က … နီးဖို့ လွမ်းတယ်။
တချို့က … ဝေးလို့ လွမ်းတယ်။
ခက်ခဲတဲ့ ဘဝမှာ ကြိုးစားမှုတွေကလည်း
အလိုက်တသိ မလွယ်ပေးဘူး မဟုတ်လား။
ကြိုးစားရတာ ဝါသနာ ပါတယ်လို့တော့ မပြောချင်ဘူး။
တချို့အတွက် လွယ်တယ်၊
တချို့အတွက် ခက်တယ်။
ပြီးတော့ မဖြစ်နိုင်ဘူးဆိုတာလည်း … တကယ်ရှိတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments