ငေးကြည့်နေရုံလေးနဲ့ ဘဝကြီး တစ်ခု ဖြစ်ခဲ့တယ်

Classroom Chair and Desk
အဲ့ဒီခေတ်က ရည်းစားထားရင် အမှုကြီးပဲ။ ဆရာမတွေက စုံတွဲ ဆိုတဲ့ အသံကြားတာနဲ့ နှစ်ဖက် မိဘ ခေါ်တော့တာ၊ စေ့စပ်ပေးတာတော့ မဟုတ်ဘူးနော်။ ရည်းစားစာ ဆိုတဲ့ အရာက အန္တရာယ်များတဲ့ ပစ္စည်း တစ်ခု ဖြစ်ခဲ့သလို ဘယ်သူဆီကိုမှ မရည်ရွယ်ထားတဲ့ အချစ်ကဗျာ တစ်ပုဒ်ကြောင့်လည်း အရိုက်ခံရနိုင်တယ်။

အဖြူအစိမ်း ဝတ်ရတဲ့ ဘဝရဲ့ နောက်ဆုံးနှစ်ကို ရောက်လာတော့ ရင်ခုန် တတ်နေပြီ။ အခြေခံပညာဆိုတာ အရမ်းကြီး မလွတ်လပ်ပေမယ့် ဘဝရဲ့ ရင်ခုန်စရာ ဇာတ်လမ်းလေးတွေကတော့ ဒီနေရာမှာပဲ ပထမဆုံး စခဲ့ကြတယ် မဟုတ်လား။

အဲ့ဒီတုန်းက စာသင်ခန်းရဲ့ထောင့် နောက်ဆုံးတန်းရဲ့ အစွန်မှာ ကောင်မလေး တစ်ယောက် ရှိခဲ့တယ်။ အသားဖြူဖြူ၊ ဆံပင်တိုတိုနဲ့ သူ့မျက်လုံးတွေက အသက်ပဲ၊ ဘာလို့ အသက်ဖြစ်လဲ ဆိုတော့ အဲ့ဒီ မျက်လုံးတွေနဲ့ တွဲပီး မှတ်မိနေရ လောက်အောင် စူးရှလွန်းတယ်။ ကျနော့ မျက်လုံးတွေပဲ မကောင်းခဲ့တာလားတော့ မပြောတတ်ဘူး။ အတန်းထဲမှာ မိန်းကလေးတွေ အများကြီး ရှိခဲ့ပေမယ့် သူ့တစ်ယောက်တည်းကိုပဲ မြင်ခဲ့တယ်။

ရုပ်ရှင်တွေထဲမှာလို ကောင်မလေး တစ်ယောက်ကို ကြည့်လိုက်ရင် ရှက်ပီး တခြားဘက်ကို လှည့်သွားတဲ့ ရှက်ပြုံးမျိုး သူ့ဆီမှာ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။ သူ့ကို ခိုးခိုးကြည့်မိတဲ့ အခါတိုင်း သူ သိတယ်။ အဲ့ဒီလို သိရင် ချက်ချင်း ပြန်စိုက်ကြည့်တယ်။ ဒါကတော့ သူရဲ့ ရဲဝံ့မှု တစ်ခုလို့ ပြောရမလား၊ သူ့ရဲ့ ထူးခြားချက် တစ်ခုဆိုလည်း ဟုတ်တယ်။ တကယ်တော့ သတ္တိရှိတဲ့ ကောင်မလေး တစ်ယောက် ဆိုတာကို အဲ့ဒီကတည်းက သဘောပေါက်ခဲ့ရမှာ ..။

သူနားက ဖြတ်လျှောက်သွားရတဲ့ အခိုက်အတန့်တွေဆို တော်တော်လေးကို ပေါ့ပါးပြီး စိတ်ကြီးဝင်မိတယ်။ ဆရာမဆီ ထပ်ထားတဲ့ စာအုပ်တွေကို ပြန်ဝေပေး ရတဲ့အခါ သူ့စာအုပ်လေး လက်ထဲ ရောက်လာခဲ့ရင် သူ ထိုင်တဲ့နေရာမှာ သွားထားပေး ရတာကလည်း ဘဝကြီး တစ်ခု ဖြစ်ခဲ့တယ်။ ကျနော်တတ်နိုင်တာ ငေးကြည့်နေရုံလေးပဲ၊ သူ့ကို မြင်နေရရင် ကြိတ်ကြည်နူး ရင်ခုန်နေရုံလေးပဲ။

သူ့ကို ပြောပြဖို့ ဆန္ဒတွေတော့ ရှိခဲ့ပါတယ်။ စာမေးပွဲတွေ ပြီးသွားရင်ပေါ့။

မိန်းကလေးတွေဆိုတာ အများအားဖြင့် သူတို့ကို ထုတ်ပြောလာတဲ့ သူတွေထဲကပဲ ရွေးချယ်ကြတာ မဟုတ်လား။ အချိန်တစ်ခုကြာတော့ သတင်းဆိုး တစ်ခု ကြားခဲ့ရတယ်။ စာသင်နှစ် မဆုံးသေးဘူး။ သူ … ကောင်လေး ရသွားပြီတဲ့။

တကယ်ဆို ကျနော်က သူ့လောက်တောင် သတ္တိမရှိခဲ့ဘူး မဟုတ်လား။

သတ္တိသာ မရှိတာ ကျနော်က ငေးကြည့်နေရုံလေးနဲ့ သူ ကျနော့်ဆီ ပြေးလာမယ် လို့ ထင်နေခဲ့သေး…။ အကြည့်တွေနဲ့ စခဲ့တဲ့ ဒီဇာတ်လမ်းလေးဟာ အကြည့်တွေနဲ့ပဲ အဆုံးသက် ခဲ့ရတယ်။

မှားတယ် မှန်တယ် ဆိုတာ ကျနော် သေချာ မစဉ်းစားခဲ့ဘူး။ အဲ့ဒီတုန်းက နောက်ဆုံးတန်းမှာ ရှိခဲ့တဲ့ တစ်ယောက်က ကျနော့အတွက် အမှန်တရားပဲ။ တောက်ပတဲ့ အလှတရား တစ်ခုကို လှည့်ကြည့်တိုင်း တွေ့ခဲ့ရသလို ပျော်စရာကောင်းတဲ့ ကြည်နူးစရာ တစ်ခုကလည်း နောက်ဆုံးတန်းရဲ့ ဘေးအစွန်မှာ ရှိနေခဲ့တယ်။

ငေးကြည့်နေရုံလေးနဲ့ ဘဝကြီး တစ်ခု ဖြစ်ခဲ့တဲ့ ကောင်လေး တစ်ယောက်ကတော့ အဲ့ဒီတုန်းက ရှေ့ဆုံးတန်းမှာ ထိုင်နေခဲ့တယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments