သစ်သားခုံရှည်လေး
ဒီနေ့ မနက် မိုးတွေရွာပြီးတော့ မထိုင်တာ ကြာပြီ ဖြစ်တဲ့ ခပ်နိမ့်နိမ့် အပင် အောက်က သစ်သား ခုံရှည်လေးမှာ သွားထိုင်နေမိတယ်။ လေ လေးက တဖြူးဖြူး တိုက်နေတယ်။ အထဲမှာ ရေခိုး ရေငွေ့လေးတွေ ပါလာတော့လည်း ချမ်းစိမ့်စိမ့်ပေါ့။
သစ်ရွက်လေးတွေရဲ့ အဖျားမှာလည်း မိုးကြောင့် ကျန်ရစ်ခဲ့တဲ့ ရေစက်လေးတွေ တွဲလျက် ခိုနေတာကို တွေ့နေရတယ်။ အရင်တုန်းက လက်မငြိမ် ခြေမငြိမ်နဲ့ အဲ့ဒီ ရေစက်လေးတွေကို အမြဲ ဒုက္ခပေးတဲ့ ကောင်မလေး တစ်ယောက်အကြောင်း ..။
မမှီ တမှီ အရပ်နဲ့ ရေစိုနေတဲ့ အရွက်တွေကို လှမ်း ဆွဲယူပြီး ထိုင်နေတဲ့ ကိုယ့်ကို ရေတွေရွှဲအောင် လုပ်တတ်တဲ့ အကျင့် ခပ်ပုပ်ပုပ် ကောင်မလေး တစ်ယောက် ရှိခဲ့ဖူးတယ်။ ရယ်မောခြင်း ဆိုတဲ့အရာကလည်း ကူးစက်တတ်တဲ့ သဘော ရှိတယ်လေ။ သူက ထိုင် ရီနေတော့ ကိုယ်ပါ ရီလာမိတယ်။ ဒီလိုနဲ့ပဲ ရေတွေ ဆိုနေတာတောင် မေ့ သွားခဲ့ရတယ်။
ထီးဆောင်း ထားတဲ့အချိန် လက်ကို အပြင်ထုတ်ပီး မိုးရေစက်လေးတွေကို ခံစားတတ်တဲ့ သူ့အကျင့်လေးကိုလည်း မှတ်မိနေတုန်းပဲ။ တစ်ခါတလေ ထီးတစ်ချောင်း နှစ်ယောက် ဆောင်းထားတဲ့အချိန် မထင်ရင် မထင်သလို မိုးရေထဲ ထွက်ထွက် သွားတတ်တဲ့ သူ့စိတ်ကလည်း တကယ့် ကလေးစိတ်ပဲ။ သူ့ကို ဖျားမှာစိုးလို့ အတင်း ထီးလိုက် ဆောင်း ပေးရတယ်။
ကိုယ်ကလည်း မရိုးသားခဲ့ပါဘူး။ ပါလာတဲ့ ထီးကို သူငယ်ချင်းဆီ တမင်သက်သက် ထားခဲ့တယ်လေ။ ညနေကျ ထီးတစ်ချောင်းနဲ့ နှစ်ယောက် အိမ်ပြန်လို့ ရတာပေါ့။ ရေအိုင်လေးတွေ တွေ့ရင် ရှောင်မသွားဘဲ တည့်ဖြတ် လျှောက်တတ်တဲ့ သူ့အကျင့်ကြောင့် ကိုယ်ပါ ရေထဲလိုက် လျှောက်ပေးရတယ်။ မလျှောက်ရင်လည်း သူက စိတ်ဆိုးသေးတယ်။ အဲ့ဒီလို ထူးဆန်တဲ့ အကျင့်တွေလည်း သူ့မှာ ရှိတယ်။
ကျောင်း ပြန်တဲ့အချိန် မိုးတွေရွာခဲ့ရင် အာပူလျှာပူဆိုင် အမြဲဝင်တယ်။ မိုးရွာတဲ့အချိန်မှာ အာပူလျှာပူ သောက်ရတာ သူ့အတွက် အရသာ တော်တော်လေး ရှိပုံပဲ။ သူထိုင်တဲ့ အခါတိုင်း လိုက်ထိုင်ပေးရပါ များလာတော့ အာပူလျှာပူ မကြိုက်တတ်တဲ့ ကိုယ်တောင် သောက်ရတာ နှစ်သက်သွားတယ်။
နောက်ဆုံး တစ်ခေါက် အဲ့ဒီဆိုင်လေး ရောက်တော့ အန်တီကြီးက မေးတယ်။ ဟို အသားဖြူဖြူ ဂျစ်ကန်ကန် ကောင်မလေးရောတဲ့။ အန်တီကြီးကို ပြုံးပဲ ပြုံးပြ နိုင်ခဲ့တယ်။
ငြိမ်ပါတယ်ဆိုတဲ့ မိန်းကလေးဆိုတာ အနည်းဆုံး ပုပ္ပါးက မျောက်လောက်တောာ့ ဆော့ တယ်တဲ့။ ဒီစကားကို ငယ်ငယ်ကတည်းက ကြားခဲ့ဖူးတယ်။ တကယ်တော့ သူလည်း တည်ငြိမ်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်ခဲ့ပါတယ်။ မိုးရေထဲ ရောက်နေတဲ့ အချိန်တွေနဲ့ မိုးရွာပြီးခါစ အချိန်တွေကို ဖယ်လိုက်ရင်ပေါ့။
အတွေးထဲမှာတောင် သူက သိပ်ကို ချစ်စရာ ကောင်းနေတုန်းပဲ။ ခပ်ကြမ်းကြမ်း လေတစ်ချက် အဝေ့မှာ ကျနော့် အပေါ် ရေစက်တွေ ကျလာခဲ့တယ်။ ဝမ်းသာအာရနဲ့ ချက်ချင်း ထပြီး ဘေးကို ကြည့်လိုက်မိတယ်။ မမှီ တမှီ အရပ်နဲ့ ရေစိုနေတဲ့ အရွက်တွေကို ခုန်ခုန်ပီး လှမ်းတတ်တဲ့ ကောင်မလေး တစ်ယောက် ရှိနေမလားပေါ့။
မိုးရာသီ လေပြေလေးတွေရယ်၊ မိုးရေစက်လေးတွေရယ်၊ ကောင်လေး တစ်ယောက်ရယ် နှစ်တိုင်းလိုလို ဒီအပင်ကြီး အောက်က သစ်သား ခုံရှည်လေးဆီကို ပြန်ရောက်ခဲ့ကြပေမယ့် တစ်ချိန်က သူတို့နဲ့ အတူရှိခဲ့ဖူးတဲ့ ကောင်မလေး တစ်ယောက်ကတော့ ဒီနေရာလေးကိုတောင် မှတ်မိပါတော့မလား။
မဝံ့မရဲ မျှော်လင့်ချက်လေးနဲ့ သတိရမိတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments