
အဲ့ဒီ အခိုက်အတန့်ဟာ လွမ်းစရာလည်း မကောင်းဘူး။ ဆွေးစရာလည်း မကောင်းဘူး။ ဝမ်းနည်းနေတာမျိုးလည်း မဟုတ်သလို ပျော်စရာလည်း မဟုတ်ပြန်ဘူး။ အထီးကျန်သလိုလို ဖြစ်နေတာပေါ့။ ဒီအခြေအနေကို သဘောမကျဘူး။
ဒီတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ အချိန်တွေ ပိုကုန်ခဲ့တယ်။ ဒါပေမယ့် ဘယ်လောက်သုံးသုံး အဲ့ဒီအရာက ထင်သလောက်တော့ ပျောက်မသွားခဲ့ပါဘူး။ အဲ့ဒီ တစ်ခုခု လိုနေတဲ့ ခံစားချက်က အမြဲတမ်းတော့ ရှိနေခဲ့တာပဲ။
တစ်နေ့ တစ်နေ့ Newsfeed မှာ တက်လာသမျှ သိပ်ချစ်ကြတဲ့ အတွဲတွေကလည်း အားကျဖို့ ကောင်းရလောက်အောင် အဆင်ပြေနေကြတယ်။ (ပြတ်စေချင်လို့ ပြောတာ မဟုတ်ပါဘူး) :D
ဖေ့ဘွတ်ခ်ပေါ်မှာ တော်တော်များများက အကောင်းတွေကိုပဲ ထုတ်ပြထားတာလေ။ ဒီတော့ တစ်ခါတလေ Newsfeed က အဆင်ပြေတာတွေ၊ ကောင်းတာတွေချည်းပဲ စုနေတယ်။ အဲ့ဒီ အကောင်းတွေကို ကိုယ်က တစ်ဆက်တည်း မြင်လိုက်ရတဲ့ အခါကျတော့ အဆင်ပြေလိုက် မပြေလိုက် ဖြစ်နေတဲ့ ကိုယ့်ဘဝအတွက် နည်းနည်းတော့ ကွတ ကွတ ဖြစ်တယ်။
ရုပ်ရှင်တွေ ကြည့်ဖြစ်တယ်။ ဟာသကားတွေ ကြည့်ပြီး တစ်ယောက်တည်းရယ်နေရလည်း ပျော်စရာတော့ ကောင်းတယ် မဟုတ်လား။ သရဲကားတွေ ကြည့်တယ်။ စစ်ကားတွေ ကြည့်တယ်။ တစ်ခါတလေတော့ အလွမ်းဇာတ်တွေနဲ့ ဖီလ်းတယ်။
ရုပ်ရှင်လည်း ကြည့်စရာမရှိဘူး တခြားလည်း မရှိဘူး ဆိုရင်တော့ စာအုပ်ယူ ဖတ်နေလိုက်တယ်။ ဒါမှမဟုတ်လည်း သတင်းမီဒီယာ ဆိုဒ်တွေထဲဝင်ပြီး သတင်းတွေ ဖတ်နေလိုက်တယ်။ တစ်ခုခုက စိတ်အာရုံထဲ ရောက်နေတော့ တစ်ခုခုလိုနေတဲ့ ခံစားချက်လည်း မရှိတော့ဘူး။
နောက်ပိုင်း အချိန်တိုင်းလိုလို သီချင်းဖွင့်ထားဖြစ်တယ်။ ပျော်စရာ သီချင်းလေးတွေ နားထောင်ရင် လူလည်း ပျော်လာသလိုတော့ ခံစားရတယ်။ အလုပ်လုပ်လည်း သီချင်းဖွင့်ထားဖြစ်တယ်။ အာရုံစူးစိုက်မှု ပိုကောင်းသလို၊ ပေါ့ပါးနေသလိုလည်း ခံစားရတယ်။ တစ်ခါတလေ အလွမ်းသီချင်းလေးတွေနဲ့ ငြိမ်နေတတ်ပြန်ရော။
ဒါတွေကြောင့် ခံစားချက်တွေ အမြဲတမ်း ဖြစ်ပေါ်နေခဲ့တယ်။ ခံစားချက်တွေကို တကူးတက ဖန်တီးနေတာ မဟုတ်ပေမယ့် ခံစားချက်တွေတော့ အမြဲ ရှိနေခဲ့တယ်။
ချစ်စရာပဲ ဖြစ်ဖြစ် လွမ်းစရာပဲ ဖြစ်ဖြစ် ကြေကွဲစရာပဲ ဖြစ်ဖြစ် တစ်ခုခု ရှိနေသ၍တော့ ကျနော့အတွက် အဆင်ပြေတယ်လို့ ခံစားရတယ်။ တစ်ခုခု လိုနေတဲ့ အခိုက်အတန့်မျိုးကို … မလိုလားဘူး။ ဘာမှခံစားလို့ မရတော့တဲ့ အခိုက်အတန့် မျိုးကိုလည်း … ကျနော် ကြောက်တယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments