
တစ်ခါတုန်းက ထက်မြတ်ပြီး ကြင်နာတတ်တဲ့ ဘုရင်တစ်ပါး ရှိတယ်။ သူ့ရဲ့ အရည်အချင်းတွေကြောင့် တိုင်းသူ ပြည်သား တွေလည်း ပျော်ရွှင်ကျန်းမာတဲ့ ဘဝကိုယ်စီ ပိုင်ဆိုင်ခွင့် ရကြတယ်။ ဒါပေမယ့် ဘုရင်ကြီးမှာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် တစ်ခု ရှိနေတယ်။
တစ်နေ့တော့ ဘုရင်ကြီး သူ့ရဲ့ နန်းဆောင်မကြီးမှာ ရှိနေတဲ့အချိန်ပေါ့။ နန်းဆောင် နံရံမှာ ချိတ်ထားတဲ့ သူ့ရဲ့ ဘိုးဘေး ဘီဘင်တွေရဲ့ ပုံတူပန်းချီကားတွေကို ကြည့်ပြီး အတိတ်က ဘိုးဘေးတွေကို သတိရလာတယ်။ ပြီးတော့ သူ့စိတ်ထဲ အတွေးတစ်ခု ဝင်လာတယ်။ သူ့ရဲ့ သားတော်ဟာလည်း တစ်နေ့ ဘုရင် ဖြစ်လာပြီး ဒီနေရာရောက်ရင် ဒီလိုပုံတူ ပန်းချီကားတွေကို ကြည့်ပြီး သူအပါအဝင် သူ့ရဲ့ ဘိုးဘေးတွေကို ပြန် သတိ ရနေစေချင်တယ်။
ဒါပေမယ့် ဘုရင်ကြီးမှာ ပုံတူပန်းချီကား မရှိဘူး။
သူ့ရဲ့ ခြေထောက် တစ်ဖက်နဲ့ မျက်စိ တစ်လုံးပဲ ရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ပုံတူ ပန်းချီကားဟာ ဘယ်လိုထွက်လာမလဲ သူကိုယ်တိုင်တောင် မမှန်းဆတတ်ဘူး ဖြစ်နေတယ်။
အဲ့ဒါကြောင့် သူရဲ့ တိုင်းပြည်ကသာမက တခြားတိုင်းပြည်တွေက ပန်းချီဆရာတွေကိုပါ သူ့နန်းတော်ထဲကို ဖိတ်လိုက်တယ်။ ပြီးတော့ နန်းတော်ထဲမှာ ထားဖို့အတွက် ဘုရင်ကြီးရဲ့ လှပတဲ့ ပုံတူပန်းချီကား တစ်ချပ် လိုချင်တဲ့အကြောင်း ကြေငြာချက် ထုတ်လိုက်တယ်။ ဆွဲနိုင်တဲ့သူကိုလည်း ဆုလာဘ်တွေ ချီးမြင့်မယ်ပေါ့။
အနယ်နယ် အရပ်ရပ်က ပန်းချီဆရာတွေက တွေးကြတယ်။ ဘုရင်ကြီးမှာ ခြေထောက် တစ်ဖက်နဲ့ မျက်စိ တစ်လုံးပဲ ရှိတယ်။ ပုံတူ ပန်းချီကားက ဘယ်လိုလုပ် လှနိုင်တော့မလဲ။ မဖြစ်နိုင်ဘူး။ အကယ်၍ ဆွဲပြီးမှ သူ့မျှော်လင့်သလို လှပတဲ့ ပုံတူပန်းချီကား တစ်ချပ် ထွက်မလာဘူးဆိုရင် မင်းမျက်သင့်မယ်။ အပြစ်ပေး ခံရမယ်။ ဒါ့ကြောင့် ပန်းချီဆရာတွေ တစ်ယောက်ပြီး တစ်ယောက်ဟာ ဆင်ခြေ အမျိုးမျိုးပေးပြီး ပါးနပ်စွာ ငြင်းပယ်ကြတယ်။
ဒါပေမယ့် ပန်းချီဆရာ တစ်ယောက်က လက်ထောင်လိုက်တယ်။ ဘုရင်ကြီးအတွက် လှပတဲ့ ပုံတူ ပန်းချီကား တစ်ချပ် ဆွဲပေးမယ်။ ဘုရင်ကြီးလည်း ကြိုက်စေရမယ်ပေါ့။ သူက ဒီလို အခိုင်အမာ ပြောတော့ ဘုရင်ကြီးလည်း ဝမ်းသာသွားတယ်။ ဘုရင်ကြီးက သူ့ကို ခွင့်ပြုလိုက်တဲ့အခါ သူလည်း ဘုရင်ကြီးရဲ့ ပုံတူကို စဆွဲပါတယ်။
တခြား ပန်းချီဆရာကတော့ ဒီကောင်က ဘာလား ဆိုတဲ့ အကြည့်နဲ့ သူ့ကို ကြည့်နေကြတယ်။ အချိန်တစ်ခုကြာတော့ ပုံတူ ပန်းချီကားဟာ ပြီးသွားပါတယ်။
မူးကြီး မတ်ရာတွေကလည်း ဘုရင်ကြီးရဲ့ ပုံတူဟာ ဘယ်လိုများ ဖြစ်နေမလဲပေါ့။ စူးစမ်းနေတဲ့ မျက်လုံးတွေနဲ့ ပန်းချီဆရာဆီက ထွက်လာမယ့် ပုံကို စောင့်မျှော် နေပါတော့တယ်။ ပန်းချီဆရာက ဆွဲပြီးသွားတဲ့ ပုံတူ ပန်းချီကားကို ပြလိုက်တဲ့အခါ နန်းတော်ထဲမှာ ရှိတဲ့လူ အားလုံး (ဘုရင်ကြီး အပါအဝင်) ပါးစပ် အဟောင်းသား ငြိမ်သက် သွားပါတယ်။
ပန်းချီဆရာ ဆွဲခဲ့တဲ့ ပုံထဲမှာ ဘုရင်ကြီးဟာ မြင်းပေါ်ကနေ ခန္ဓာကိုယ်ကို တစ်ခြမ်းစောင်းပြီး လေးတော်တင် ချိန်ရွယ် ထားပါတယ်။ ဒါ့ကြောင့် ပုံထဲမှာ ဘုရင်ကြီးရဲ့ ခြေထောက် တစ်ဖက်နဲ့ မျက်စိ တစ်လုံးကိုပဲ မြင်နေရပါတယ်။ ဘုရင်ကြီးဟာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေကို လိမ္မာပါးနပ်စွာ ဖုံးကွယ်ခဲ့တဲ့ ပန်းချီဆရာကို အလွန်း နှစ်သက် သဘောကျပြီး ဆုလာဘ်တွေ ချီးမြှင့်ပါတော့တယ်။
-
-
-
-
ဘဝမှာ ချို့ယွင်းချက်တွေအပေါ် အာရုံစိုက်လွန်း နေတဲ့အခါ တခြားသော တစ်ဖက်က အားသာချက်တွေကို မေ့သွားတတ်တယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
မူရင်း - A King's Painting By Moral Story
Photo - Moral Story
0 Comments