
တစ်စက္ကန့်စာလောက် ဖြစ်သွားတဲ့ နာကျင်မှုက
နာရီနဲ့ချီ စိတ်ပင်ပန်းမှုနဲ့ ယှဉ်လိုက်ရင်
ပါးပါးလေးပဲ မဟုတ်လား။
အသား နာတာကို ဘယ်သူက နှစ်သက်မလဲ။
တစ်ခါတလေ တန်ပါတယ်ဆိုတဲ့ အသိမျိုးက
အရာရာကို ဖြတ်ကျော်နိုင်သလို
ကြောက်စရာလည်း သိပ်ကောင်းတယ်နော်။
အခက်အခဲတွေ ရှိတယ်။ ဖိအားတွေရှိတယ်။
မပြီးပြည့်စုံမှုတွေရှိတယ်။ နားမလည်တာတွေလည်း ရှိတယ်။
အဲ့ဒါတွေဟာ ပြောပြဖို့ ထင်သလောက် မလွယ်ဘူးလေ။
မနက်ဖြန် စာမေးမယ်လို့ ဆရာမက ပြောလိုက်တယ်။
စာတစ်ပုဒ်ကို တုတ်တစ်ချက်နဲ့ ကျေနပ်စွာ အလဲအလှယ်လုပ်မယ့်
လူမိုက်ကြီးတစ်သိုက်လည်း စာသင်ခန်းထဲမှာရှိနေတယ်။
ကြိမ်လုံးလေးတွေကို နှစ်သက်ခဲ့လို့ မဟုတ်ဘဲ
ရွေးချယ်စရာ ကြိမ်လုံးတွေပဲ ရှိခဲ့တဲ့ ဘဝတွေအကြောင်း
ကြိမ်လုံးလေးတွေအပြင် ဘယ်သူနားလည်နိုင်မတုန်း။
ဒီလိုနဲ့ …
လူမိုက်ကြီးတွေ ဖြစ်ခဲ့ရတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments