
လူတစ်ယောက်ရဲ့ ဘဝမှာ အချစ်နဲ့ ပတ်သက်တဲ့ အဆိုးဆုံး အခြေအနေ တစ်ခုကို အနည်းဆုံး တစ်ကြိမ် တစ်ခါတော့ ရင်ဆိုင်ခဲ့ဖူးမှာပါ။ ဘဝဆိုတဲ့ အရာကြီးကို စပြီးနားလည်စေခဲ့တဲ့ အကြောင်းအရင်းတွေထဲမှာ အဲ့ဒီအရာကလည်း တနည်းနည်း ပတ်သက်ခဲ့ပါတယ်။
အချစ်ကြောင့် ပြောင်းလဲသွားတဲ့ ဘဝတွေအကြောင်း တွေးကြည့်ဖူးလား၊ အချစ်ကြောင့် တောက်ပလာတဲ့ လူတွေရှိသလို အချစ်ကြောင့် ပျက်စီးခဲ့ရတဲ့ ဘဝတွေလည်း ရှိတယ်။ နောက်ဆုံး အချစ်ကြောင့် အသက်ကို စွန့်တဲ့သူတွေတောင် ရှိတယ်။ ဪ .. အချစ်က တော်တော်ကြီးကို လွှမ်းမိုးခဲ့ပါလား။
ပထမဆုံး အချစ်နဲ့ ဂျွန်းပြန်အောင် အသည်းကွဲခဲ့ဖူးတဲ့ သူတွေဟာ တစ်ချိန်မှာ အချစ်ရေးနဲ့ ပတ်သက်ရင် အရင်တုန်းကလို ပြာလောင် မနေတော့ဘဲ သွေးအေးအေးနဲ့ တည်ငြိမ်နေတတ်ကြတယ်။ အံ့သြဖို့ ကောင်းလောက်အောင်ပေါ့။
အဆိုးရွားဆုံး ကြေကွဲစရာ အဖြစ်အပျက်တွေကို ရင်ဆိုင်ရပြီး နောက်ပိုင်း အချောလေးတွေ မြင်ရင်တောင် အရုပ်ကြိုးပြတ် ဖြစ်မနေတော့ဘူး။ အချစ်တစ်ခုတည်းကို ကြည့်ပြီး ချစ်သူဖြစ်ရရင် ကျေနပ်တယ်ဆိုတဲ့ ကလေး အတွေးမျိုးက ကုန်လွန်ခဲ့ပြီ မဟုတ်လား။ အရာရာကို ရှုထောင့် အမျိုးမျိုးက စဉ်းစားချင့်ချိန် တတ်လာတယ်။
မချစ်ဖူးတော့ အချစ်ရူး ဖြစ်၊ နောက်ကျောကို ဓားနဲ့ အထိုးခံရတဲ့ သင်ခန်းစာမျိုးကို အတွေ့အကြုံတစ်ခုအနေနဲ့ ရခဲ့တယ်။ ဒါဟာ ကိုယ့် ဘဝအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။
ဘယ်လောက်ပဲ ဆိုးရွားခဲ့ပါစေ အချိန်ကာလ တစ်ခုကို ကျော်လွန်သွားတဲ့အခါ အရာအားလုံးက ပုံမှန်ပြန် ဖြစ်သွားပါတယ်။ အမာရွတ်လေး လောက်ပဲ ကျန်ခဲ့တော့မှာပါ။ တစ်ချိန် ပြောစရာ ပုံပြင်လေးတွေ ရတာပေါ့။ ကိုယ့်စိတ်ကို အဲ့ဒီအချိန်ထိ အကောင်းဆုံး ထိန်းသိမ်း ထားနိုင်ဖို့တော့ လိုတယ်။ အချစ် အသစ် တဖန် မွေးဖွားဖို့တောင် အဆင်သင့် ဖြစ်နေလောက်တယ်။
အချစ်ထဲကို ဘဝ ရောက်ခဲ့တဲ့ အချိန်တွေလို ဘယ်တော့မှ အဖြစ်မခံတော့ဘူး။ ဘဝထဲကို အချစ် ပြန်ရောက်လာတယ်။ အချစ်ကို ဘဝရဲ့ အစိတ်အပိုင်း တစ်ခုလိုပဲ သတ်မှတ်ပြီး အကောင်းဆုံး ထိန်းကျောင်း တတ်လာတယ်။
ဒီတော့ ချစ်ဖူးခဲ့သမျှ နောင်တ မရတော့ဘူး။ အနည်းဆုံးတော့ ကိုယ့်ကို ရင့်ကျက်စေခဲ့တယ် မဟုတ်လား။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments