
ကောင်လေးက စိတ်ဆိုးတိုင်း လမ်းခွဲစကား ပြောလေ့ရှိတယ်။ တကယ်လည်း ခွဲနိုင်တာ မဟုတ်ဘူး။ သူပဲ လမ်းခွဲစကား ပြော၊ သူပဲ ချက်ချင်း ပြန်ချော့ .. ပြန်ဆက်တယ်။ အဲ့ဒီလိုမျိုး ခဏခဏပေါ့။
သူပထမဆုံး အကြိမ် လမ်းခွဲ စကားပြောတုန်းက ကောင်မလေး ငိုတောင် ငိုတယ်။ ဒါပေမယ့် နောက်ပိုင်း .. မငိုတော့ဘူး။ အေးဆေးပဲ။ တဖြည်းဖြည်း နောက်ဆုံး သူတို့ တကယ် ပြတ်သွားကြတဲ့ အချိန်မှာ … ကောင်မလေးက လုံးဝ မျက်ရည်မကျ ဘာမှမဖြစ်သလို တည်တည်ငြိမ်ငြိမ္ပဲ ။
ဇာတ်သိမ်း ကျတော့ လမ်းခွဲစကား ခဏခဏ ပြောတဲ့ သူက မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေပြီး ခဏခဏ လမ်းခွဲစကား အပြောခံရတဲ့သူကတော့ … အေးဆေးပဲ။
လမ်းခွဲစကားခဏခဏ ပြောနေတာမျိုး၊ တစ်ဖက်သားကို ကိုယ့်ကြောင့် ခံစားရအောင် ခဏခဏ လုပ်နေတာမျိုး တွေက ကြာလာတာနဲ့ အမျှ သူ့ကို ခံနိုင်ရည် ရှိလာအောင် ကိုယ်တိုင် လေ့ကျင့်ပေးလိုက် သလိုပါပဲ။ ခံနိုင်ရည်ရှိလာတာ .. သူ့အတွက် ကောင်းပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေရှိပါတယ်။
ဒီလိုပြောလို့ ကိုယ့်ချစ်သူက ကိုယ့်ကြောင့် ငိုယို နေရမယ် ဆိုလိုတာ မဟုတ်ဘူး။ အနည်းဆုံးတော့ ကိုယ့်ချစ်သူက ကိုယ်နဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာရှိ .. စိတ်မကောင်း ဖြစ်သင့်တယ်။ ပျော်စရာရှိ ပျော်သင့်တယ်။ ကိုယ်နဲ့ ပတ်သက်ပြီး စိတ်ဝင်တစား ရှိနေသင့်တယ်။ ဒါတွေကလည်း ကိုယ်နဲ့ ပတ်သက်ပြီး ရင်ထဲရှိမှ ဖြစ်လာနိုင်တဲ့ ခံစားမှုမျိုးတွေပါ။
စိတ်ဆိုးစရာရှိတာနဲ့ လမ်းခွဲစကား ပြောသလိုမျိုး၊ အဆိုးဆုံး အတွေ့အကြုံတွေ ပေးတာရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ ကတော့ ။ ကိုယ်နဲ့ ပတ်သက်ပြီး အလေးအနက်ထားမှုတွေ . တဖြည်းဖြည်း ပျောက်သွားနိုင်တယ်။ နောက်ဆုံး ကိုယ့်ကို သူ ချစ်တယ် ဆိုတာတောင် ... ဘာဖြစ်လို့ ပြောမိခဲ့မှန်း မသိလောက်အောင် ဖြစ်သွားနိုင်တယ်။
ဒါ့ကြောင့် … ကိုယ်ချစ်ရတဲ့သူကို ကိုယ့်ကြောင့် မျက်ရည်ကျရမယ့် အဆိုးဆုံး အတွေ့အကြုံတွေ ခဏခဏ မပေးသင့်သလို လမ်းခွဲ စကားကိုလည်း ချိုချဉ်ဝေသလို ပေါပေါလောလောမသုံးသင့်ပါဘူး။ သုံးရင်လည်း တစ်ခါတည်းသာ ပြက်ပြက်သားသား သုံးလိုက်ပါ ...။ အဲ့ဒါဟာ အနည်းဆုံးတော့ သူ့အတွက်ရော ကိုယ့်အတွက်ပါ လေးနက်မှုရှိရှိနဲ့ အဆုံးသတ် စေပါလိမ့်မယ်။
လူတစ်ယောက်ကို အဆိုးဆုံး အတွေ့အကြုံတွေ ခဏခဏ ပေးရင် ကြာလာတာနဲ့ အမျှ ခံနိုင်ရည် ရှိသွားတတ်ပါတယ်။ ကိုယ်ချစ်ရတဲ့သူကို ကိုယ်တိုင် ဒဏ်ရာတွေ ပေးနေရင်တော့ နောက်ဆုံး ကိုယ်ပဲ ဒဏ်ရာတွေနဲ့ ကျန်ခဲ့ပါလိမ့်မယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments