Sora

Photography of Night Sky
တွေ့ဆုံမှုတိုင်း က ကံတရားကြီးရဲ့ စီမံမှုအောက်မှာ ရှိနေလား၊ မတော်တဆလား၊ ဒါမှမဟုတ် ရွေးချယ်မှု တွေကြောင့်လား၊

တွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုယုံကြည်ထားလဲ။

"ဆိုရာ"

နာမည်လေးက နည်းနည်းတော့ ဆန်းတယ်။ Game ထဲမှာ တွေ့ခဲ့တဲ့ ကောင်မလေး တစ်ယောက်ပေါ့။ သတိထားမိတာက သူ့ရဲ့ ကလေးဆန်တဲ့ Game ထဲက အပြောလေးတွေ ကြောင့်ပဲ။ အသက်ကတော့ ငယ်ဦးမယ်။ နည်းနည်းတော့ စိတ်တိုတတ်တဲ့ ပုံစံ ရှိတယ်။ Near By Friend မှာ ရှိနေတာကြောင့် သူက ဒီမြို့မှာပဲ နေတယ်ဆိုတာတော့ သဘောပေါက်မိတယ်။

ဒီလိုနဲ့ နေ့ရက် တစ်ခုကို ရောက်လာခဲ့တယ်။

ရန်ကုန် သွားစရာ ကိစ္စ ပေါ်လာခဲ့လို့ ကားဂိတ်ကို ထွက်လာခဲ့တယ်။ စီးနေကျ "ထာဝရ" ကားတွေ မတွေ့၊ ကားဂိတ် ရောက်ရောက်ချင်း တွေ့တဲ့ "ကမ္ဘာကျော်" ကားပေါ်ကို တက်ခဲ့လိုက်တယ်။

မျက်မှန်နဲ့ နဖူးပြောင်ပြောင် ကောင်မလေး တစ်ယောက် ကျောပိုးအိတ်ကလေး လွယ်၊ ဂျင်းဘောင်းဘီ အကြပ်ကလေး ဝတ်ထားတာ်။ ခပ်မြန်မြန် ကားပေါ် တက်လာတယ်။ လက်ထဲက ဖုန်းကိုလည်း မျက်လုံးက မခွာဘူး။ ရှက်ပြာ ရှက်ပြာနဲ့ တွေ့တဲ့နေရာ ဝင်ထိုင်ပါတယ်။

အဲ့ဒီနေရာက တခြားတော့ မဟုတ်ပါဘူး။ ကျနော့ ဘေးနားက ခုံကိုပါ။ Mobile Legends ဆော့နေတာပါ။ ဝါသနာ အတော်ကြီးပုံပဲ ခရီးသွားရင်နဲ့တောင် ဆော့နေတာဆိုတော့။

ခရီးတွေ ဘာတွေ သွားတဲ့အခါ ကျနော် ကား မှန်ပြုတင်း ဘက်မှာ အမြဲထိုင်လေ့ ရှိတယ်။ ရှုခင်းတွေ ကြည့်တယ်။ နောက်ပြီး အဲ့ဒီက တိုးတဲ့ လေအေးအေးလေး တွေကို ခံစားတယ်။

"ဟာကွာ … ဆေးတွေ"

ရုတ်တရက် ဘေးက အသံထွက်လာတော့ ငတိက စိတ်တိုနေတဲ့ ပုံစံပါ။ Game ရှုံးသွားတာပါ။ In Game Name ကို မသိမသာ တစ်ချက်ကြည့်လိုက်မိတယ်။

"ဆိုရာ"

ဟုတ်ပါတယ်။ သူက ကျနော် နဲ့ ညတိုင်း အတူ ဆော့ဖြစ်နေတဲ့ Game ထဲက ကောင်မလေး Sora ပါပဲ။ ဘယ်သူလဲ ဘယ်ကလဲတောင် မသိခဲ့ပေမယ့် ဆုံချင်စိတ် ရှိနေတဲ့ လူတစ်ယောက်နဲ့ ဘေးချင်းကပ် လာထိုင်နေမိတဲ့ အခိုက်အတန့်ဟာ ပျော်စရာတော့ ကောင်းတယ်။

အဲ့ဒီနောက်ပိုင်း သူနဲ့ အချိန်ကာလ တစ်ခုအထိ သူနဲ့ Game တွေ ဆော့ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် တစ်ယောက် အကြောင်း တစ်ယောက် မမေးခဲ့ကြဘူး။ သူ့အတွက်ကတော့ Game ထဲမှာစပြီး Game ထဲမှာ ဆုံးတဲ့ ပတ်သက်မှု တစ်ခုပေါ့။

သူမမြင်ဖူး၊ မတွေ့ဖူးဘူးလို့ ထင်ထားတဲ့ လူတစ်ယောက်က သူ့ကို သိနေတဲ့ အကြောင်း၊ သူ့ကို အနီးဆုံးကနေ မြင်ခဲ့ဖူးတဲ့ အကြောင်း၊ အဲ့ဒီ အရာတွေကို သူ့ကို မပြောပြခဲ့တဲ့ အကြောင်းတွေသာ သူသိရင် … ကျေနပ်လိမ့်မယ် မထင်ဘူး။

ပျော်စရာတွေနဲ့ စတဲ့ ဖြစ်ရပ်တစ်ခုဟာ အဲ့ဒီနေရာမှာပဲ ရပ်နေသ၍ ပျော်နေရဦးမယ် မဟုတ်လား၊

အဲ့ဒီနေ့က ကျနော်စီးနေကျ ကားတွေကိုသာ စောင့်နေခဲ့ရင် သူနဲ့ ဆုံရမှာ မဟုတ်သလို သူကလည်း အဲ့ဒီ အချိန်မှာ Game ဆော့ မနေခဲ့ဘူးဆိုရင် သူမှန်း ကျနော် သိခဲ့မှာမဟုတ်ဘူး။

တွေ့ဆုံမှု တစ်ခုဖြစ်ဖို့ ရွေးချယ်မိခဲ့တဲ့ အရာတွေ ရှိခဲ့ကြတယ်။ ကျနော်တို့က ရွေးချယ်ခဲ့တာလား၊ ရွေးချယ်ခြင်း ခံခဲ့ရတာလား၊

တွေ့ဆုံမှုတိုင်း က ကံတရားကြီးရဲ့ စီမံမှုအောက်မှာ ရှိနေလား၊ မတော်တဆလား၊ ဒါမှမဟုတ် ရွေးချယ်မှု တွေကြောင့်လား။

လူတစ်ယောက်ကို တွေ့ချင်တဲ့အခါ စိတ်ထဲမှာသာ တမ်းတမ်းတတ ရှိနေမယ်ဆိုရင် တစ်ချိန်မှာ တကယ် ဆုံရလိမ့်မယ် ဆိုတဲ့ အပေါ်ကော ယုံကြည်မှုရှိလား။

ကျနော့ အတွက်တော့ "ဆိုရာ" ဆိုတဲ့ ရှက်ပြာ ရှက်ပြာ နဖူးပြောင်ပြောင် ကောင်မလေး တစ်ယောက်က အဖြေတစ်ခု ဖြစ်ခဲ့ပါတယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments