
အဆင်မပြေအောင် လုပ်ခဲ့တဲ့ လူတစ်ယောက်က
အဆင်ပြေရဲ့လားလို့ မေးလာတဲ့အခါ
အရင်တုန်းကလို စိတ်မျိုးနဲ့ဆိုရင်
အဆင်မပြေတဲ့ အကြောင်း ဝမ်းနည်းစွာ ပြောပြမိလိမ့်မယ်။
အတိတ်က ပုံရိပ်တစ်ခုကို အရှင်လက်လက် ပြန်မြင်ရတဲ့အခါ
အတိတ်တွေ တရေးနိုးလာတတ်တယ် မဟုတ်လား။
လှည့်ထွက်သွားတဲ့ လူတစ်ယောက်က
ကျန်ရစ်ခဲ့မယ့် လူတစ်ယောက်အကြောင်း
ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူးလို့ ပြောရင် ကိုယ်လွန်မလား။
ရောက်ခဲ့ဖူးတဲ့ နေရာတွေမှာ သူ့အကြောင်း တွေးမိပေမယ့်
ရောက်တဲ့ နေရာမှာ ပျော်တဲ့ သူ့အတွက် အရာရာက သိပ်လွယ်တယ်။
အလေးအနက်ထားတဲ့ လူတစ်ယောက် အတွက်တော့
အမှတ်တရတွေ သိပ်များတယ်လေ။
ကိုယ်တိုင် ပိုပြီး အဆင်ပြေချင်ခဲ့တဲ့ လူတစ်ယောက်က
သူ့ကြောင့် အဆင်မပြေဖြစ်မယ့် လူတစ်ယောက်အတွက်
တွေးပူခဲ့လိမ့်မယ်တော့ မထင်မိဘူး။
အဆိုးဆုံးတွေကို ကျော်လွန်ခဲ့ပြီးတဲ့အခါ
အရာအားလုံးက ပုံမှန် ပြန်ဖြစ်သွားတတ်တယ်။
ကိုယ့်ကို အဆင်မပြေအောင် လုပ်ခဲ့တဲ့ လူတစ်ယောက်ကို
ကိုယ် အဆင်ပြေနေတဲ့အကြောင်း ပြောပြရတာကလည်း
သိပ်ကို ကျေနပ်စရာ ကောင်းတယ် မဟုတ်လား…။
ကိုယ် ကျေနပ်ပါတယ်။
-
သူလည်း … ကျေနပ်ပါစေ။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments