လမ်းထိပ်က ညစ်နွမ်းနွမ်း မြေသားပေါ်မှာ
အဖြူရောင်ပန်းလေးတွေ ပျံ့ကြဲနေတာမြင်ရတော့
နည်းနည်းတော့ ခံစားရတယ်။
တန်ရဲ့လားပေါ့။
ပွင့်ဖက်လေးတွေ နွမ်းခြောက်နေတဲ့ ပန်းလေးတွေ ရှိတယ်။
အဲ့ဒီမှာ ကြွေခါစ ပန်းလေး တစ်ပွင့်လည်း ရှိနေတယ်။
သန့်ရှင်းနေတယ်၊ လန်းဆန်းနေတယ်။
အပင်ပေါ်က ပန်းလေးတွေလိုပဲ။
အပင်အောက် ရောက်နေတာက လွဲရင်ပေါ့။
အပင်ပေါ်မှာ အဖြူရောင် ပန်းလေးတွေ ဝေနေတယ်။
အပင်အောက်မှာလည်း အဖြူထည်ဆန်တဲ့ ရနံ့တစ်မျိုး
ပျံ့နှံ့နေတယ်။
အဲ့ဒီနောက်ပိုင်း တစ်နေကုန် မိုးတွေရွာတယ်။
ဒါဟာ … အဆုံးသက်ရဲ့ အစတစ်ခု ဖြစ်ခဲ့တယ်ဆိုတာကိုတော့
မသိခဲ့ဘူး။
ညနေ အဲ့ဒီအပင်အောက် ပြန်ရောက်တဲ့အခါ
ဝေနေတဲ့ ပန်းလေးတွေ အပင်ပေါ်မှာ ရှိမနေတော့ဘဲ
အားလုံးက မြေပေါ်မှာ ပျံ့ကြဲနေခဲ့ပြီ။
ဒါဟာ နာကျင်စွာ လွင့်စင်ခဲ့ကြတာပဲ မဟုတ်လား။
တချို့ အပွင့်လေးတွေက ရေအိုင်လေးတွေထဲမှာ..
ပင်ကိုယ် အဖြူရောင်တောင် မှေးမှိန်နေခဲ့ပြီ။
မနက်က တွေ့ခဲ့တဲ့ ကြွေခါစ အပွင့်လေးလည်း
အနည်းငယ်တော့ စွန်းထင်းနေသလို ခံစားရတယ်။
ပန်းလေးတွေဟာ ပုံသဏ္ဍန်တွေ ပျက်စီးသွားရင်တောင်
ရနံ့လေးတွေတော့ ကျန်နေတတ်သေးတယ် မဟုတ်လား။
အဖြူထည်ဆန်တဲ့ ရနံ့တစ်မျိုးကတော့ အပင်အောက်မှာ ရှိနေဆဲ။
မိုးကြောင့် ဖူးပွင့်ခဲ့တဲ့
ပန်းလေးတွေ အကြောင်း သိတယ်။
မိုးကြောင့် ကြွေကျ ပျက်စီးခဲ့ရတဲ့
ပန်းလေးတွေအကြောင်းကော သိလား။
ဟိုးက … ဘာမှမရှိတော့တဲ့ အပင်ကြီးကိုတွေ့လား?
မနက်က အဲ့ဒီ အပင်ကြီးမှာ
တရုတ်စကားပန်းလေးတွေ တစ်ပင်လုံး ပွင့်နေခဲ့တဲ့ အကြောင်း
ကျနော်ပြောရင် .. ခင်ဗျား ယုံမလား?
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments